ဆောင်းအိုလံပစ်မှာ ကွန်ဒုံး စံချိန်တင်ဝေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကွန်ဒုံးတွေကို အိုလံပစ်ပြိုင်ပွဲတွေမှာ ၁၉၈၈ ခုနှစ်ကတည်းက စတင်ဝေခဲ့

တောင်ကိုရီးယားနိုင်ငံ ပြုံးချမ်းမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲဝင် အားကစားသမားတွေ အတွက် ကာမဆက်ဆံချိန်မှာ အသုံးပြုတဲ့ လိင်တံ သားရေစွပ် ကွန်ဒုံး အခု ၁၁၀,၀၀၀ ကို ဆောင်းအိုလံပစ် ပြိုင်ပွဲ သမိုင်းတလျှောက် စံချိန်တင် အဖြစ် ဝေမျှခဲ့ပါတယ်။

ဒီအရေအတွက်က ၁ ယောက်ကို ကွန်ဒုံး ၃၉ ခု စီရမယ့် သဘောပါ။ ဒါဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတွေမှာ ရာသီဥတု အအေးဆုံး ဖြစ်နေတဲ့ ပြုံးချမ်း ရောက် ပြိုင်ပွဲဝင်တွေအတွက် နွေးနွေးထွေးထွေး လှုပ်ရှားစရာ အခွင့်အလမ်းတခုပါ။

ဒါပေမယ့် ကွန်ဒုံး လှူဒါန်းသူ ထုတ်လုပ်တဲ့ ကုမ္ပဏီ Convenience ကတော့ ဒီကွန်ဒုံးတွေကို ကစားသမားတွေ အကုန် အသုံးပြုဖို့ မျှော်လင့်မထားဘူး ဆိုပါတယ်။

ပြိုင်ပွဲရက် ၁၆ ရက် အတွင်းမှာ တစုံတခုသော အတိုင်းအတာ အထိ အောင်မြင် ထိရောက်မယ်လို့တော့ ယူဆနေကြပါတယ်။

အဲဒီက အိုလံပစ် အားကစားရွာထဲ အတူနေထိုင်ကြရတဲ့ အားကစားသမား မောင်မယ် တွေကြားမှာ ချစ်မှုရေးရာ ဇာတ်လမ်းတွေ ရှိနေတယ် ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပြုံးချမ်းဆောင်းရာသီအိုလံပစ်ပွဲတော်က ထူးခြားဖြစ်ရပ်တချို့
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၆ ရီယိုအိုလံပစ်တုန်းက ကွန်ဒုံးဝေတဲ့ စက်

ပြုံးချမ်းမှာ ပြိုင်ပွဲစကတည်းက ကိုယ်ရောက်နေတဲ့ နေရာကို အခြေခံပြီး အွန်လိုင်း ဆက်သွယ် စကားပြောဆိုနိုင်တဲ့ Tinder မိုဘိုင်းဖုန်း လူမှုကွန်ရက် အက်ပ်မှာ ပြိုင်ပွဲဝင် အားကစားသမားတွေ ဆက်သွယ်နေကြတာကိုလည်း တွေ့ရပါတယ်။

သုံးစွဲသူတွေ အချင်းချင်း ဒိတ်လုပ် တွေ့နိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ အဲဒီ Tinder အက်ပ်က သူတို့ရဲ့ အမြင့်ဆုံး ရွှေရောင် ဝန်ဆောင်မှု ဖြစ်တဲ့ ဘယ်သူက သုံးစွဲသူကို ကြိုက်နှစ်သက်ကြောင်း ပြနေတယ် ဆိုတာကို မြင်နိုင်အောင်လည်း အိုလံပစ်အားကစားရွာရောက် အားကစားသမားတွေ အတွက် အထူးအခွင့်အရေး အဖြစ် အခမဲ့ ပေးထားပါတယ်။

အားကစားရွာမှာ သုံးစွဲသူ အချင်းချင်း ချိတ်ဆက်မှု ၆၀၀ % တိုးလာသလို ကြိုက်နှစ်သက်ကြောင်းပြသူ ၅၀၀ % တိုးလာတယ်လို့ Tinder က ပြောပါတယ်။

၂၀၁၄ ခုနှစ် ရုရှားနိုင်ငံ ဆိုချီက ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတုန်းကတော့ အမေရိကန် အမျိုးသမီး နှင်းလျှောဘုတ်ပြားစီးသူ ဂျေမီအန်ဒါဆင်က ပြိုင်ပွဲကို အာရုံစိုက်မှု လျော့နည်းစေလို့ Tinder ကို သူ့ ဖုန်းမှာ ဖျက်ထားတယ် ပြောဖူးပါတယ်။

ဒါက သူ့ အတွက် အလုပ် ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက ဆိုချီမှာ ဂျေမီအန်ဒါဆင် တယောက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သလို အခု ပြုံးချမ်းမှာလည်း ရွှေဆုကို ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၆ ရီယို နွေရာသီ အိုလံပစ်ပြိုင်ပွဲတုန်းကလည်း နွေရာသီ အိုလံပစ် ပြိုင်ပွဲ သမိုင်းတလျှောက် စံချိန်တင် အဖြစ် အားကစားသမားတွေကို ကွန်ဒုံး အခု ၄၅၀,၀၀၀ ဝေခဲ့ဖူးတဲ့ မှတ်တမ်း ရှိပါတယ်။

၁၉၈၈ ခုနှစ် တောင်ကိုရီးယားနိုင်ငံမှာပဲ ကျင်းပခဲ့တဲ့ နွေရာသီ ဆိုးလ် အိုလံပစ် ကစလို့ ပြိုင်ပွဲမှာ ကွန်ဒုံးတွေ ဝေငှပေးတဲ့ စနစ် စတင်ခဲ့တာပါ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ