တောင်အာဖရိက သမ္မတ နုတ်ထွက်ပြီ

Image caption မာရသွန် မိန့်ခွန်းရှည်ပြော

တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား ရာထူးနေရာကို စွန့်လွှတ်သွားပြီ ဖြစ်ပါတယ်။

သူ နုတ်ထွက်တဲ့ အကြောင်း တိုင်းပြည်ကို ရုပ်မြင်သံကြားပေါ်ကနေ ပြောခဲ့ပါတယ်။

သူ့ရဲ့ပါတီ ဖြစ်တဲ့ အာဏာရ အာဖရိကန် အမျိုးသား ကွန်ဂရက်စ် ANC ကိုယ်တိုင်က သူ့ကို သမ္မတ နေရာကို စွန့်ဖို့ ဖိအားပေး လာခဲ့ပြီး၊ တကယ်လို့ အာဏာကို ဆက်လက် ဆုပ်ကိုင် ထားဦးမယ် ဆိုရင် ပါလီမန်ထဲ အယုံအကြည်မရှိ အဆို အတင်ခံရမယ်လို့ သတိပေးခဲ့ပါတယ်။

ANC ပါတီရဲ့ ခေါင်းဆောင်သစ်လည်းဖြစ်၊ ဒုတိယ သမ္မတလည်း ဖြစ်တဲ့ Cyril Ramaphosa ကို ဇူးမားက အာဏာလွှဲပေးဖို့ ANC က အလိုရှိနေပါတယ်။

ANC ရဲ့ ဖိအားတွေကြောင့် သူဟာ သားကောင်သဖွယ် ခံစားခဲ့ရတယ် ဆိုပြီး မစ္စတာ ဇူးမားက ဆိုပါတယ်။

Image caption ပြည်သူတွေ စိတ်သက်သာရာ ရကြောင်း ANC ပြော

သူ့အတွက်ကြောင့် ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ အသက် ဆုံးရှုံးရတဲ့ အထိလည်း မဖြစ်သင့်ဘူး၊ ANC ပါတီကြီး နှစ်ခြမ်းကွဲသွားမှာကိုလည်း မလိုလားဘူး လို့ မစ္စတာ ဇူးမားက ပြောပါတယ်။

မစ္စတာ ဇူးမားဟာ တောင်အာဖရိက သမ္မတ နေရာကို ၂ဝဝ၉ ခုနှစ် ကတည်းက ရရှိလာတာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်း အကျင့်ပျက် ခြစားတယ် ဆိုတဲ့ စွဲချက်တွေ အမျိုးမျိုးကို အကြိမ်ကြိမ် အခါခါ ကြုံခဲ့ရသူ ဖြစ်ပါတယ်။

Image caption ANC ပါတီကြီး နှစ်ခြမ်းကွဲသွားမှာကို မလိုလား

အခုအခါမှာတော့ ရုပ်မြင်သံကြားပေါ်ကနေ တောင်အာဖရိက ပြည်သူတွေကို မာရသွန် မိန့်ခွန်းရှည်ကြီး ပြောလို့၊ မိန့်ခွန်း အဆုံးသတ်ခါ ကျမှပဲ နုတ်ထွက်ကြောင်း ကြေညာသွားတာ ဖြစ်ပါတယ်။

အခုလို ဇူးမားနုတ်ထွက်ကြောင်း ကြေညာသွားအပြီး ANC ပါတီဘက်ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။

အဲဒီ ကြေညာချက်ထဲ မစ္စတာ ဇူးမားရဲ့ နုတ်ထွက်မှုဟာ တောင်အာဖရိက ပြည်သူတွေ အတွက် တိုင်းပြည် အခြေအနေ တည်ငြိမ် အေးဆေးနိုင်ကြောင်း စိတ်သက်သာရာ ရသွားနိုင်စေတယ်လို့ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ဇူးမားဟာ ANC ပါတီဝင် အဖြစ် ဆက်ရှိနေတယ်၊ သူ ပါတီ အတွက် လုပ်ဆောင် ပေးခဲ့တာတွေ အတွက် ပါတီက သူ့အပေါ် အလေးအမြတ် ထားတယ်လို့ ANC ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဂျက်ဆီ ဒူအာထေးက သတင်းထောက်တွေကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်အာဖရိက သမ္မတ တာဝန်က နှုတ်ထွက်ပေးဖို့ ငြင်းဆန်

တောင်အာဖရိကမှာ လူဖြူ လူမည်း ခွဲခြားခံနေရချိန်မှာ၊ မစ္စတာ ဇူးမားဟာ ANC ပါတီရဲ့ လက်နက်ကိုင် လက်ရုံးတပ်က ဖြစ်ပါတယ်။

သမ္မတ ဖြစ်လာတဲ့ အထိ ပါတီအတွင်း အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီး ဆယ်စုနှစ် နီးပါး ဦးဆောင်မှု ပေးခဲ့တဲ့ နောက်မှာတော့ ခြစားမှု စွဲချက် အမျိုးမျိုးတွေ အောက်မှာ အခုလို ရာထူးကနေ ထွက်သွားရတဲ့ အထိ ဖြစ်လာခဲ့တာပါ။

တောင်အာဖရိက စီးပွားရေးလည်း အင်မတန် ဆိုးရွားပြီး ပြုပြင်ရခက်တဲ့ အခြေအနေမျိုးထိ ရောက်နေရတယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ