ဖလော်ရီဒါ ပစ်ခတ်မှု တရားခံကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် BROWARD'S SHERIFF'S OFFICE
Image caption သေနတ်ပစ်ခတ်သူလို့ ယူဆရတဲ့ Nikolas Cruz

ဖလော်ရီဒါ က စာသင်ကျောင်းတခု မှာ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်သူလို့ ယူဆရတဲ့ နီကိုလပ်စ ခရုစ ကို ကြိုတင်ကြံရွယ်တဲ့ လူသတ်မှု ၁၇ မှုနဲ့တရားစွဲလိုက်ပါပြီ။

ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို FBI ကလည်း သူနဲ့ ပတ်သက်ပြီး အရင်တုံးက FBI အနေနဲ့ ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံ တွေကို ပြန်ဆန်းစစ်နေရပါတယ်။

အသက် ၁၉နှစ် ရှိပြီဖြစ်တဲ့ နီကိုလပ်စ ခရုစ ဟာ လွန်ခဲ့တဲ့ တနှစ် က YouTube မှာ ငါတချိန် စာသင်ကျောင်းမှာ ဝင်ပစ်တဲ့ ပရော်ဖက်ရှင်နယ် သေနတ်သမား ဖြစ်ရမယ် ဆိုတဲ့ မှတ်ချက် စာသားရေးတင် ခဲ့ပြီး အဲဒါ ကို တွေ့တဲ့ သူတယောက် က FBI ကို အကြောင်းကြားခဲ့ပါတယ်။

FBI ကလည်း ဒါကို စုံစမ်းခဲ့ပြီးတဲ့နောက် တင်တဲ့သူ က ဘယ်သူဘယ်ဝါ ဆိုတာ သိဖို့ မလွယ်ခဲ့ဘူး ဆိုတာနဲ့ ဇာတ်လမ်း ပြီးခဲ့ဖူး ပါတယ်။

မနှစ်ထဲမှာပဲ အဲဒီ မစ္စတာ ခရုစ ဟာ ကျောင်းသားတွေ ကို ခြိမ်းခြောက်မှုနဲ့ ကျောင်းဝင်းထဲ ကို ကျောပိုးအိတ် လွယ်ရက်နဲ့ မလာရ ဆိုပြီး ကန့်သတ်ခံထားရတာ လို့လည်း ကျောင်းသား တယောက် က အမေရိကန် က မီယာမီ ဟာရဲလ် သတင်းဌာန ကို ပြောပါတယ်။

သူ ကျောင်းလည်း ထုတ်ခံခဲ့ရပြီး ဘာကြောင့် ကျောင်းထုတ်ခံခဲ့ရလဲ ဆိုတဲ့ အကြောင်းကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သူနဲ့အတူ ကျောင်းအတူတက်ခဲ့တဲ့ ဂျော့ရှုဝါ ချာရို က သူ့ ကျောပိုးအိတ်ထဲမှာ သေနတ် ကျည်ဆံတွေတွေ့ရဖူးတယ်လို့ ဆိုပါတယ်။

အခု လူတွေ ၁၇ ယောက်သေကြေခဲ့ရပြီး ၁၄ ယောက် ဒဏ်ရာ ရခဲ့တဲ့ ပစ်ခတ်မှု ကို ကျူးလွန်တယ်လို့ ယူဆရသူဟာ ပစ်ခတ်ရာမှာ သုံးတဲ့ AR 15 Rifle ကို တရားဝင် ဝယ်ထားခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

သူဟာ Republic of Florida လို့ခေါ်တဲ့ လက်ယာစွန်း လူဖြူကြီးစိုးရေး အဖွဲ့ဝင် တယောက် လည်း ဖြစ်ပြီး အခု သူ့ရဲ့ ပစ်ခတ်မှု ကို သိလိုက်ရတဲ့ သူ့ကို အရင် က သိတဲ့သူတွေ အတော်များများ က ဒီလူ တချိန်မှာ ဒါမျိုး လုပ်နိုင်တဲ့သူလို့ ပြောကြ သတ်မှတ်ကြပါတယ်။

အခုတော့ ၂၀၁၂ ကတည်းကနေ ကြည့်ရင် အမေရိကန် မှာ အဆိုးရွားဆုံးသော စာသင်ကျောင်းအတွင်း ပစ်ခတ်မှု တခု ဖြစ်ခဲ့ပါပြီ။

အမေရိကန်မှာ ကျောင်းမှာ သေနတ်ပစ်မှုတွေ ဖြစ်တိုင်း ကျောင်းကို သေနတ်တွေ ပိုယူခွင့်ပေးပြီး ကာကွယ်ရမယ် လို့ ပြောကြတဲ့သူတွေလည်း ရှိသလို၊ အမေရိကန် သေနတ်ကိုင် ယဉ်ကျေးမှု ကို ပြောင်းဖို့လိုပြီ လို့ ပြောကြသူတွေလည်း အများအပြား ရှိနေပါတယ်။

နိုင်ငံခေါင်းဆောင် ဒေါ်နယ်ထရမ့် ကတော့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ပေါင်းပြီး ပစ်ခတ်မှု ကို အသေးစိတ်လေ့လာစုံစမ်းနေတယ်၊ ကျောင်း တွေလုံခြုံရေးနဲ့ပတ်သက်ပြီး အလေးပေး လုပ်ဆောင်နေတဲ့အပြင် စိတ်ရောဂါ ဆိုင်ရာ ခက်ခဲတဲ့ အရေးကိစ္စတွေ ကိုလည်း ဖြေရှင်းဆောင်ရွက်မှာ ပါလို့ ပြောသွားခဲ့ပါတယ်။