ဉာဏ်ရည်တုကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သုံးရင် အန္တရာယ်ကြီးမား

ဓာတ်ပုံ မူပိုင် Getty Images
Image caption နောက် ၅ နှစ်လောက် အ တွင်းမှာ ဉာဏ်ရည်တု အကြီးအကျယ် ဖွံ့ဖြိုးလာနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်း

ဉာဏ်ရည်တု Artificial Intelligence ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲကြမှုကြောင့် ကမ္ဘာတဝန်းမှာ အမျိုးမျိုးသော အန္တရာယ်တွေ ပိုများ လာနိုင် တယ်လို့ နိုင်ငံတကာ အိုင်တီ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာ ထုတ်ပြန်တဲ့ အိုင်တီပညာရှင် ၂၆ ယောက် ပူးပေါင်း ပြုစုထားတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။

ဉာဏ်ရည်တု AI ဆိုတာက စက်ရုပ်၊ စက်ပစ္စည်း၊ ကွန်ပြူတာတို့မှာအသုံးပြုတဲ့ မှတ်ဉာဏ် စနစ်ကို ဆိုလိုတာ ဖြစ်ပြီး လူနဲ့ တိရစ္ဆာန်တို့မှာရှိတဲ့ သဘာဝမှတ်ဉာဏ်ရဲ့ အလုပ် လုပ်ပုံလုပ်နည်းကို တုပ ပြုလုပ် ထားတာပါ။

နည်းပညာကျွမ်းကျင်သူတွေ ထောက်ပြထားတဲ့ စိုးရိမ်စရာ အကောင်းဆုံး အန္တရာယ်သုံးခုက ဓာတ်ပုံ သတင်းထောက်တွေ အသုံးပြုနေတဲ့ အခုသုံးနေတဲ့ အဝေးထိန်း drone ယာဉ်ငယ် လေးတွေကို မစ်ဆိုင်း ဒုံးအဖြစ် အသုံးလာနိုင်တာ၊ ဗီဒီယို အတုတွေနဲ့ လူထုရဲ့ ထင်မြင်ချက် ပြောင်းလဲ သွားအောင် လှည့်စားလာနိုင်တာ၊ သူတပါးရဲ့ ကွန်ပြူတာ စနစ်ကို အလိုအလျောက် ဖောက်ထွင်းတဲ့နည်းပညာ သုံးလာနိုင်တာ တွေဖြစ်ပါတယ်။

အဲဒီ နည်းတွေကို ဆိုးတဲ့နိုင်ငံ၊ ရာဇဝတ်မှု ကျူးလွန်သူ၊ အကြမ်းဖက် အဖွဲ့အစည်းတို့က အသုံးပြုမယ် ဆိုရင် အန္တရာယ် သိပ်ကြီးလာနိုင်တယ်လို့ ဆိုပါတယ်။

သူတို့ အနေနဲ့ ကွန်ပြူတာ စနစ် မှန်သမျှကို ကျွမ်းကျင်သူက ချိုးဖောက်ဝင်ရောက်နိုင်တယ်၊ drone ယာဉ်ငယ် တွေကို လူ့မျက်နှာ အသွင်သဏ္ဍန် မှတ်သားတဲ့ ဆော့ဖ်ဝဲ နည်းပညာနဲ့ ပူးပေါင်း အသုံးပြုပြီး ကိုယ်တိုက်ခိုက် ချင်သူကို စေလွှတ်တိုက်ခိုက်တာမျိုး လုပ်လို့ ရနိုင်ပါတယ်။

ဗီဒီယိုဂိမ်းကစားတဲ့ ဘော့တ်စ် ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီး နိုင်ငံရေး မငြိမ်မသက်မှုတွေ ဖြစ်စေမယ့် ဗီဒီယို အတုတွေ အလိုအလျောက် ဖန်တီးအောင်လည်း လုပ်နိုင်ပါတယ်။

နည်းပညာတွေ အလွန် မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲနေချိန်မှာ လူတွေကို အန္တရာယ် မကျရောက်အောင် ကာကွယ်နိုင်ဖို့ တယောက်နဲ့ တယောက်လက်တွဲ ဆောင်ရွက်ကြဖို့ လိုတဲ့ အပြင် ဆော့ဖဝဲ နည်းပညာ တီထွင်သူတွေ၊ လုံခြုံရေးပိုင်းက လူတွေ၊ ပေါ်လစီ ချမှတ်သူတွေ၊ တရားဥပဒေ ပြဋ္ဌာန်းသူတွေ ကလည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုတယ်လို့ အိုင်တီပညာရှင်တွေက သတိပေး နေပါတယ်။

AI နည်းပညာသုံး စက်ရုပ်၊ အလိုအလျောက်မောင်းနှင်တဲ့ မော်တော်ကား၊ အလိုအလျောက် မောင်းနှင်တဲ့ ဒရုန်း ယာဉ်ငယ် တို့ကို အခု စတင် အသုံးပြု နိုင်နေပြီဖြစ်ပြီး နောက် ၅ နှစ်လောက်အ တွင်းမှာ အကြီးအကျယ် ဖွံ့ဖြိုးလာစရာ ရှိလို့ အခုလို သတိပေးရတာလို့ သူတို့က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ