အီတလီမှာ လက်ဝဲလက်ျာ ဆန္ဒပြပွဲတွေ ဖြစ်ပွား

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်ပွား

အီတလီနိုင်ငံ ရွေးကောက်ပွဲ မတိုင်ခင် တပတ်အလိုကာလမှာပဲ ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုးတိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ အဓိက အကြောင်းအရာတွေကတော့ အမျိုးသားရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အလုပ်သမားအရေးနဲ့ ကလေးငယ်တွေ ကာကွယ်ဆေးမထိုးမနေရ ဥပဒေကိစ္စတွေ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေ အနက်မှာ အမျိုးသားရေးကို ကြွေးကြော်ပြီး ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ဆန့်ကျင်ကြတဲ့ လက်ျာ အုပ်စုတွေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ အလုပ်သမားအရေးကို တောင်းဆိုကြတဲ့ လက်ဝဲအင်အားစုတွေ အပြိုင်ဆန္ဒပြနေကြတဲ့ဖြစ်စဉ်တွေကတော့ အကဲအဆတ်ဆုံးဖြစ်ပါတယ်။

မီလန်မှာဆိုရင် လက်ဝဲသမားဆန္ဒပြသူတွေကို လက်ျာသမားဆန္ဒပြသူတွေဆီ မရောက်အောင် ရဲကဟန့်တားခဲ့ပါတယ်။ လက်ဝဲသမားတွေက ရှေ့တိုးဖို့ ကြိုးစားတဲ့အခါ ရဲကနံပါတ်တုတ်နဲ့ ရိုက်နှက်ဖြိုခွဲခဲ့ပါတယ်။

လက်ဝဲသမား ဆန္ဒပြသူတယောက်ဖြစ်တဲ့ ဂူလီယာ မစ္စရေယာက အခုလို ပြောပါတယ်။

"ဖက်ဆစ်ဝါဒ ဖက်ဆစ်လက်သစ်ဝါဒပုံစံသစ်တွေကို တိုက်ဖျက်ရပါမယ်။ အစွန်းရောက် လူမျိုးရေးဝါဒရဲ့ အန္တရာယ်ကို လျှော့မတွက်သင့်ပါဘူး။ စည်းလုံးညီညွတ်မှု အပြန်အလှန်နားလည်မှုနဲ့ သည်းခံမှုတွေ ဆီဦးတည်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ကြိုးစားကြရပါမယ်" လို့ လက်ဝဲသမား အမျိုးသမီးဆန္ဒပြသူတယောက်ဖြစ်တဲ့ ဂူလီယာ မစ္စရေယာက ပြောပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဆန့်ကျင်တဲ့ လက်ျာအမျိုးသားရေးခေါင်းဆောင် တယောက်ဖြစ်တဲ့ မက်တေးအိုး ဆယ်လ်ဗီးနီ ကတော့ သူတို့ဟာ အသားအရောင် ခွဲခြားနေတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

"လူအချင်းချင်းကြားမှာ အသားအရောင်ကြောင့် အဆင့်အတန်းကွဲပြားမှု မရှိပါဘူး။ လူတယောက်ဘယ်မှာမွေးတယ်၊ ဘယ်လိုနံမည်မှည့်တယ်ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။ လူကောင်းတယောက်ဆိုရင် ဥစ္စာပညာချမ်းသာကြွယ်ဝမှု၊ လေးစားမှုနဲ့ အလုပ်အကိုင်တွေယူခဲ့ပါ။ အီတလီမှာ လူငါးသန်းဟာ ဆင်းရဲငတ်မွတ်နေတယ်၊ လူ ၃ သန်းဟာ အလုပ်လက်မဲ့ဖြစ်နေတယ်။ အဲဒီလူတွေအတွက် အိမ်နဲ့ အလုပ်အကိုင် မရှိမချင်းကျနော်တို့ နိုင်ငံကို တံခါးဖွင့် မပေးနိုင်ဘူး။ အီတလီလူမျိုးသာ ပထမဦးစားပေးဖြစ်ရမယ်"လို့လည်း သူကပြောပါတယ်။

တရားရေးဝန်ကြီး အန်ဒရေယာ အော်လန်ဒိုကလည်း ဖက်ဆစ်ဝါဒဟာ အီတလီရော ဥရောပအတွက်ပါ အန္တရာယ်ဖြစ်တယ်လို့ ဆိုပါတယ်။