ဆွေးနွေးဖို့ မြောက်ကိုရီးယား ကမ်းလှမ်းချက်ကို ကန်ပယ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ဗိုလ်ချုပ်တွေနဲ့ အမေရိကန်သမ္မတ သမီး အီဗန်ကာ တို့ အားကစားပွဲတော် ပိတ်ပွဲမှာ အတူတွေ့ရ

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှု မှန်သမျှဟာ သူ့ရဲ့ နျူကလီးယား လက်နက် အစီအစဉ် အဆုံးသတ်မှုကို ဦးတည်သွားစေရမယ်လို့ အမေရိကန်က ပြောပါတယ်။

အမေရိကန်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဆောင်းရာသီ အိုလံပစ် ပွဲတော် မှာ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေက ထုတ်ပြောလာတယ်လို့ တောင်ကိုရီးယားက ပြောခဲ့ပြီးတဲ့နောက် အခုလို အမေရိကန်ဖက်က တုန့်ပြန်ချက် ထွက်လာတာပါ။

မြောက်ကိုရီးယားက နျူကလီးယား လက်နက် စွန့်ရေးဟာ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်စေမယ့် အချက် တချက်အဖြစ် ဆက်ရှိနေပြီး ဒီအချက်ကို လိုက်နာမှ ပြည့်စုံတဲ့အခြေအနေ တရပ်ဖန်တီးနိုင်မှာပါလို့ အိမ်ဖြူတော်က ပြောပါတယ်။

ကိုရီးယား နှစ်နိုင်ငံ အားကစားပွဲတော်မှာ ပူးပေါင်း ကျင်းပခဲ့တဲ့ အပေါ် မြောက်ကိုရီးယား က အစောပိုင်းတုန်းက ချီးကျူးစကား ပြောခဲ့ပေမယ့် အမေရိကန်က မြောက်ကိုရီးယားအပေါ် အခုနောက်ဆုံး ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုကိုစစ်ကြေညာမှု တရပ်ဘဲ ဆိုပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်မယ့်ကတိပေးမှသာ ဆွေးနွေးမယ် ဆိုတာ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် ပြောပါတယ်။