ကုလမှာ အပစ်ရပ်ဆုံးဖြတ်ခဲ့ပေမယ့် အရှေ့ဂူတာမှာ ပစ်ခတ် တိုက်ခိုက်နေ

ဓာတ်ပုံ မူပိုင် EPA
Image caption အရေးပေါ်လူနာတွေကို ကယ်ထုတ်ခွင့်ရဖို့ မအောင်မြင်သေး

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက အရပ်သားရာချီ သေဆုံးခဲ့ရတဲ့ အရှေ့ဂူတာက သူပုန်တွေကို တိုက်နေတဲ့ ရုရှားနဲ့ ဆီးရီးယား အစိုးရရဲ့ ထိုးစစ်တွေ ရပ်ဖို့ နိုင်ငံတကာ ဖိအားပေးမှု တိုးလာနေပါတယ်။

လုံခြုံရေးကောင်စီမှာ တောင်းဆိုနေတဲ့ အပစ်ရပ်ရေးကို ဆီးရီးယား အစိုးရဖက်က လိုက်နာလာအောင် အပြင်းအထန် ဖိအားပေးဖို့ ရုရှားသမ္မတ ပူတင် ထံ ပြင်သစ် နဲ့ ဂျာမန် ခေါင်းဆောင်တွေ တောင်းဆိုခဲ့ပါတယ်။

ဂူတာ အရှေ့ပိုင်းမှာ မြေပြင်ထိုးစစ်ပြင်းထန်လာနေ ပေမယ့် လေကြောင်းက တိုက်ခိုက်မှုတွေ ကလည်း အရှိန်လျော့ကျ မသွားပါဘူး။

ရုရှားကတော့ သူပုန်တွေဟာ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲ ပြောဆိုနေပါတယ်။

ဆီးရီးယား အစိုးရတပ်တွေက ကလိုရင်း အဆိပ်ငွေ့တွေကို တိုက်ခိုက်ရာမှာ ထပ်မံ သုံးနေတယ် ဆိုတဲ့ အတည်ပြုလို့ မရသေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဆီးရီးယား နိုင်ငံရဲ့ အရှေ့ဂူတာမြို့ တဝိုက်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ တလ ကြာ ရပ်စဲဖို့ ပြီးခဲ့တဲ့ စနေနေ့ က ကုသမဂ္ဂ လုံခြုံရေး ကောင်စီ က တခဲနက် ဆုံးဖြတ်ချက် ချခဲ့ပေမဲ့ အခုတိုင်အောင် ပစ်ကြခတ်ကြ ရှိနေတဲ့ အကြောင်း ဂူတာမြို့ခံ မိုဟာမက် အာဒဲလ် က ဘီဘီစီ ကို ပြောပါတယ်။