ဆီးရီးယား ဂူတာမှာ ယာယီအပစ်ရပ်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဂူတာမှာ အရပ်သား ၄ သိန်းနီးပါး ပိတ်မိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထား
ဗုံးကြဲ တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော် ဆင်ခြေဖုံး အရှေ့ဂူတာမှာ လူသားခြင်း စာနာမှု အကူအညီတွေ ပေးနိုင်အောင် ယာယီ အပစ်ရပ်မယ်လို့ ရုရှား သမ္မတ ဗလာဒီ မီယာ ပူတင်က အမိန့်ပေးလိုက် ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင် အပစ်ရပ် သွားမှာ ဖြစ်ပြီး အဲဒီကနေ အရပ်သားတွေ ထွက်ခွာခွင့် ရအောင် ဖန်တီးပေးမယ်လို့ ဆိုပါတယ်။
ဒေသစံတော်ချိန် မနက် ၉ နာရီကနေ နေလယ် ၂ နာရီအထိ အပစ်ရပ်သွားမယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက ဆိုပါတယ်။
ရုရှားအစိုးရရဲ့ ထောက်ခံချက်နဲ့ ဆီးရီးယားအစိုးရက သူပုန်တွေ ထိန်းထားတဲ့ အရှေ့ ဂူတာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ အပါအဝင် ပစ်ခတ် တိုက်ခိုက်နေတာ ၈ ရက် ရှိလာပြီ ဖြစ်ပါတယ်။
ဆီးရီးယား အစိုးရကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ဘဲ ဂူတာကို အကြမ်းဖက်သမားတွေ လက်ထဲကနေ လွတ်မြောက်အောင် ကြိုးစားနေတာလို့ ပြောပါတယ်။
ဂူတာမှာ တိုက်ခိုက်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကလည်း တောင်းဆိုခဲ့ပါတယ်။
ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၁ နဲ့ ၂၅ ရက်နေ့ တွေမှာ ဂူတာ အရှေ့ပိုင်းကို ဆီးရီးယားအစိုးရက လေကြောင်း တိုက်ခိုက်မှု အကြိမ် ၄၂ဝနဲ့ ရဟတ်ယာဉ်နဲ့ ဗုံးအလုံး ၁၄၀ လောက် ကြဲချခဲ့တယ်လို့ ထုတ်ပြန်ပါ တယ်။
ဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၄၀ လောက်သေဆုံးခဲ့တယ်လို့ ဆေးဖက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
ဂူတာမှာ အရပ်သား ၄ သိန်းနီးပါး ပိတ်မိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း ဂူတာအရှေ့ဖက် ဒူမားမှာ နောက်ထပ် ဗုံးကြဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံတခုထဲမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး သူတို့တွေဟာ မိသားစု တခုထဲကဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
အပစ်ခတ် အမြန်ဆုံး ရပ်ဖို့ တောင်းဆို လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ဂူတာရဲ့ အခြေအနေကို ကမ္ဘာပေါ်က ငရဲခန်းလို့ ရည်ညွန်း ပြောဆိုခဲ့ပါတယ်။
ဂူတာမှာ လူတွေကို ကယ်ဆယ် ကုသပေးနေတဲ့ ဆရာဝန်တဦးက ထိခိုက်ဒဏ်ရာ ရသူတွေကို ကယ်ဆယ် ကုသရေးတွေလုပ်ဖို့ နေရာမရှိသလို လျှပ်စစ်မီးနဲ့ လိုအပ်တဲ့ ဆေးဝါးတွေ တခုမရှိဘဲ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
ဒါအပြင် ဗုံးကြဲ တိုက်ခိုက်ရာမှာ ဓာတုပစ္စည်းတွေ ပါဝင် နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။