ဆီးရီးယားမှာ ဓါတုလက်နက် ထုတ်နိုင်ဖို့ မြောက်ကိုရီးယားကူညီ

ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့ဂူတာမှာ ကလိုရင်းဓာတ်ငွေ့သုံး တိုက်ခိုက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေ

ပေါက်ကြားလာတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တစောင်မှာ ဓာတုလက်နက် ထုတ်လုပ်ရာမှာ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို မြောက်ကိုရီးယားက ဆီးရီးယား နိုင်ငံထဲ တင်သွင်းနေတယ်လို့ ဖော်ပြထား ပါတယ်။

အဲဒီ အစီရင်ခံစာ အရ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားဟာ ဆီးရီးယား နိုင်ငံကို သင်္ဘောခရီးစဉ် ၄၀ ဆိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ခရီးစဉ်တွေထဲမှာ ဓာတုလက်နက် အဖြစ်အသုံးပြုလို့ ရမယ့် ပစ္စည်းတချို့ကို တင်ပို့ ခဲ့တယ်၊ အဲဒီပစ္စည်းတွေက အက်ဆစ်ဒဏ်ခံနိုင်တဲ့ ကြွေပြားတွေ၊ အထူး ခံနိုင်ရည် မြင့်မားတဲ့ အဆို့ရှင်၊ ပိုက်ခေါင်းနဲ့ အပူချိန်တိုင်း ကိရိယာတွေလို့ဖော်ပြထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား မစ်ဆိုင်း ကျွမ်းကျင်ပညာရှင် တွေကို ဆီးရီးယားလက်နက် စက်ရုံတွေမှာ တွေ့ရတယ်လို့လည်း တရားဝင် မထုတ်ပြန်ရ သေးတဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မကြာခင်က ဆီးရီးယား တပ်ဖွဲ့တွေက ကလိုရင်း အဆိပ်ဓာတ်ငွေ့ ထပ်မံအသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အသစ် ပေါ်ထွက်ခဲ့ပြီးနောက်မှာ အခု မြောက်ကိုရီးယား ကိစ္စထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရဘက်ကတော့ ကလိုရင်း အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ဆာရင်း ဓာတ်ငွေ့ကြောင့် ဂုတာမှာ လူပေါင်း ရာချီသေဆုံးခဲ့တဲ့ ဖြစ်စဉ် နောက်ပိုင်းမှာ ဓာတုလက်နက်တွေကို ဖျက်ဆီးဖို့ ဆီးရီးယား အစိုးရက သဘောတူခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီနောက်ပိုင်း ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြန် ပါတယ်။

တောင်ကိုရီးယား ဘုဆန် အမျိုးသား တက္ကသိုလ် နိုင်ငံရေးသိပ္ပံနဲ့ သံတမန်ရေးရာ ဌာန တွဲဖက်ပါမောက္ခ ရောဘတ် ကယ်လီကတော့ မြောက်ကိုရီးယားဟာ လူဆိုးဂိုဏ်းဆန်ဆန် တရားမဝင် ပစ္စည်းတွေ ပို့ဆောင်ခဲ့ဖူးတဲ့ သမိုင်းရှိပြီး နျူးကလီးယား မစ်ဆိုင်းရဲ့ အစိတ်အပိုင်းသာ မက မက်သာဖက် တမင်း အပြင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ တရုတ်ငွေ အတုတွေလည်း တင်ပို့ခဲ့ဖူးတဲ့ အတွက် အခုလို သတင်း ထွက်လာတာ မဆန်းဘူးလို့ ပြော ပါတယ်။

မြောက်ကိုရီးယားက ပို့ဆောင်တဲ့ အဲဒီပစ္စည်းတွေရဲ့ အခကြေးငွေကို ကုမ္ပဏီတွေရဲ့ ဘဏ်စာရင်း တွေက တဆင့် ဆီးရီးယား အစိုးရရဲ့ သုတေသနဌာန တစ်ခုက ပေးချေခဲ့တယ်လို့ဆိုပါတယ်။

အဲဒီသုတေသန အဖွဲ့ရဲ့ အမည်က သိပ္ပံလေ့လာရေး သုတေသန ဌာန SSRC ဖြစ်ပါတယ်။

ဒါပေမယ့် SSRC ရဲ့ဌာန ၃ ခုဟာ ဓာတုလက်နက် ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့တွေက ပြောပါတယ်။

မြောက်ကိုရီးယား ပညာရှင်တွေ တွေ့ခဲ့ရတဲ့ ဓာတု လက်နက်နဲ့ မစ်ဆိုင်း ထုတ်လုပ်တဲ့ စက်ရုံကတော့ ဘာဇက် ဆိုတဲ့ စက်ရုံဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

ဆီးရီးယား အစိုးရကတော့ ဆီးရီးယား နိုင်ငံထဲမှာ မြောက်ကိုရီးယားနိုင်ငံကလူဆိုလို့ အာကစား သမားတွေပဲ ရှိပါတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ