သံမဏိနဲ့အလူမီနီယမ် ကန် သွင်းကုန်အခွန်ကောက်မယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၀၀ ခုနှစ်ကနေ ၂၀၁၆ အတွင်း သံမဏိ လုပ်ငန်းက အမေရိကန် ငါးသောင်း အလုပ်လက်မဲ့ဖြစ်ခဲ့

အမေရိကန် ပြည်ထောင်စုကို တင်သွင်းလာတဲ့သံမဏိနဲ့ အလူမီနီယံ တွေ အပေါ် သွင်းကုန် အခွန် ကောက်မှုတွေ လုပ်ကောင်း လုပ်မယ်လို့ သမ္မတထရမ့်က ကြေညာလိုက်ပါတယ်။

အဲလို ကြေညာပြီးနောက် အမေရိကန်က သံမဏိ ထုတ်လုပ်သူတွေရဲ့ ရှယ်ယာစျေး ခုန်တက် သွားခဲ့ပေမယ့် စျေးပိတ်ချိန်မှာ တစ်ရာခိုင်နှုန်းကျော် ထိုးဆင်းသွားခဲ့ပါတယ်။

အမေရိကန်ကို သွင်းလာတဲ့ သံထည် ပစ္စည်းတွေ အပေါ် ၂၅ ရာနှုန်းနဲ့ အလူမီနီယံ အပေါ် ဆယ်ရာခိုင်နှုန်း သွင်းကုန် အခွန်ကောက်ခံဖို့ အတွက် လက်မှတ်ထိုး အတည်ပြုသွားမယ်လို့ သူက ဆိုပါတယ်။

တခြား နိုင်ငံတွေက အမေရိကန် အပေါ် ကုန်သွယ်ရေး အရ တရားမျှတမှု ကင်းမဲ့စွာ ဆက်ဆံတဲ့ အတွက် အမေရိကန်ရဲ့သံမဏိနဲ့ အလူမီနီယံ ထုတ်လုပ်တဲ့ ကဏ္ဍကို ပြန်လည် တည်ဆောက်လိုတယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

အောက်လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ယန်ကတော့ မစ္စတာ ထရမ့် အနေနဲ့ အခွန်တိုးကောက်မှုရဲ့ နောက်ကွယ်က မလိုလားအပ်တဲ့ ပြဿနာတွေကို ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ဆိုပါတယ်။

အမေရိကန်ကို သွင်းလာတဲ့သံမဏိနဲ့ အလူမီနီယံတွေ အပေါ် သွင်းကုန် အခွန်ကောက်မယ့် သမ္မတ ထရမ့်ရဲ့ ကြေညာချက် အပေါ် အဓိက ကုန်သွယ်ဖက်တွေက ဒေါသတကြီး တုန့်ပြန်ခဲ့ကြပြီး သူတို့လည်း အလားတူ လက်တုန့်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဥရောပ သမဂ္ဂနဲ့ ကနေဒါ တို့က ပြောပါတယ်။

အခုလို အမေရိကန်ရဲ့ သွင်းကုန်ခွန် ကောက်ခံမှုကြောင့် ထောင်နဲ့ချီတဲ့ ဥရောပက လူတွေ အတွက် အလုပ်အကိုင် လက်မဲ့ ဖြစ်သွားစေနိုင်တာကြောင့် ဥရောပ သမဂ္ဂက ဒီကိစ္စကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဥရောပ ကော်မရှင်ဥက္ကဌ Jean-Claude Juncker က ပြောပါတယ်။

မက္ကဆီကိုနဲ့ တရုတ်တို့ကလည်း အမေရိကန် အပေါ် အလားတူ တုန့်ပြန်မှု လုပ်သွားမယ်လို့ ဆိုပါတယ်။

အခုလို သွင်းကုန်ခွန် ကောက်ခံမှုကြောင့် အမေရိကန်တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကို အကာအကွယ်ပေးစေမှာ မဟုတ်ဘဲ သုံးစွဲသူတွေသာ စျေးနှုန်းကြီးမြှင့်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်သူတချို့က ပြောနေပါတယ်။

ဆက်စပ် အကြောင်းအရာများ