ဟိန္ဒူသင်္ကြန်နဲ့အမျိုးသမီးများကို ထိပါးစော်ကားမှု

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟိန္ဒူသင်္ကြန်ဟာ အမျိုးသမီးတွေကို စော်ကားစရာ အခွင့်အရေးတခုဖြစ်လာပြီလို့ဆို

အိန္ဒိယနိုင်ငံ ဟိုလီပွဲတော်မှာ အမျိုးသမီးတွေကို နှောင့်ယှက်ထိပါး စော်ကားတဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး အိန္ဒိယကျောင်းသူတွေက မြို့တော်ဒေလီမှာ ကန့်ကွက် ဆန့်ကျင်ခဲ့ကြပါတယ်။

ဟိုလီပွဲတော်ကို ရောင်စုံပွဲတော်လို့လည်း ခေါ်ကြပါတယ်။ ရောင်စုံအမှုန့်တွေ ရေရောင်စုံတွေနဲ့ ပက်ဖျန်း ကစားကြတဲ့ပွဲဖြစ်ပါတယ်။ ဟိန္ဒူ သင်္ကြန်ပွဲလို့လည်း မြန်မာတွေက ခေါ်တတ်ကြပါတယ်။

နှစ်စဉ်နွေဦးပေါက်မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့ ဟိုလီပွဲတော်ကိုတော့ မတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဘောလီးဝုတ် ရုပ်ရှင်ကားတွေထဲမှာလည်း ဟိုလီပွဲတော်ဟာ ပျော်စရာပွဲတော်အဖြစ် မြင်တွေ့ကြရပြီး နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားတွေကလည်း ဟိုလီပွဲကို ပါဝင်ဆင်နွှဲရတာ ပျော်ရွှင်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတချို့ကတော့ ဟိုလီပွဲတော်ဟာ ယောက်ျားတွေက မိန်းမတွေကို နှောင့်ယှက်စော်ကားတဲ့ပွဲမျိုးဖြစ်နေတယ်လို့ ဆိုပြီး အဲသလိုလုပ်ရပ်တွေကို ဒေလီမြို့မှာ စုဝေးကန့်ကွက်ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။

ဒေလီတက္ကသိုလ်က ဂါမဟာ ကွာဆိုတဲ့ကျောင်းသူက သူ့အတွေ့အကြုံကိုပြောပြရာမှာ မိန်းကလေးတယောက် အရွယ်ရောက်လာပြီး ဟိုလီ ပွဲတော်ကို ကြုံတွေ့လိုက်ရတဲ့ အခါ မိန်းမတွေရဲ့ ခန္ဓာကိုယ်ဟာ သူတပါး စော်ကားစရာ အစိတ်အပိုင်းဖြစ်လာပါလားလို့ နားလည်လိုက်ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မူးယစ်သောက်စားထားတဲ့ ယောက်ျားအုပ်စုတွေရဲ့ အဎိုင်းခံရမှာကို စိုးရိမ်ရ

တခြားတက္ကသိုလ်ကျောင်းသူတချို့ကတော့ ဟိုလီပွဲတော်ဆိုရင် လမ်းတောင်ထွက်မလျှောက်ရဲဘူးလို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေထည့်ထားတဲ့ ပူစီပေါင်းတို့ ရွှံ့တို့ ကြက်ဥတို့နဲ့ အပေါက်ခံရမှာကြောက်လို့ပါလို့ ဆိုပါတယ်။

ဟိုလီပွဲတော်နေ့မတိုင်ခင် ရက်အနည်းငယ်က ဆိုက်ကားစီး ခရီးသွားခဲ့တဲ့ အာဗီဒါ ရာဟာကတော့ လမ်းသွားတုံးမှာ ပူစီပေါင်းနဲ့ အပစ်ခံရပါတယ်။ ပူစီပေါင်းထဲကနေ ဘာမှန်းမသိတဲ့ ပျစ်ချွဲချွဲအရည်တွေ သူ့ရင်ဘတ်ပေါ်ကျလာလို့ အလွန်ရွံရှာမိတယ်လို့ ဆိုပါတယ်။

ဟိုလီပွဲတော်မှာ အမျိုးသမီးတွေကို စော်ကားနှောင့်ယှက်မှု ဆန့်ကျင်ဆန္ဒပြပြီးပြန်လာတဲ့ ရာဂီးနီ ဆာမာရာ ကတော့ ဆန္ဒပြပြီး အပြန်မှာ ကောင်လေးနှစ်ယောက်က သူ့ကို ရေပူစီပေါင်းနဲ့ ပစ်ပြီး စက်ဘီးနဲ့ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟိန္ဒူသင်္ကြန်မှာ အမျိုးသမီးတွေကို ထိပါးစော်ကားမှု တဖြည်းဖြည်းပိုများလာကြောင်း လေ့လာတွေ့ရှိရ

ဟိုလီပွဲတော်ဟာ သူစိမ်းယောက်ျားတွေအနေနဲ့ သူစိမ်းမိန်းကလေးတွေကို ထိပါးစော်ကားစရာ အကြောင်းပြချက်ကောင်း အခွင့်ကောင်းဖြစ်လာနေတယ်လို့လည်း သူကဆိုပါတယ်။

တခါတရံမှာ မူးယစ်ဆေးသုံးစွဲထားတဲ့ ယောက်ျားတွေ အုပ်စုဖွဲ့ပြီး ဝိုင်းရံလာတာမျိုးလည်း ရှိတဲ့အတွက် မိန်းကလေးတွေ အတွက် မလုံခြုံဘူးလို့ဆိုပါတယ်။

ဘီဘီစီက အင်တာဗျူးလုပ်ခဲ့တဲ့ အမျိုးသမီးတွေကတော့ မိသားစု၊ မိတ်ဆွေ၊ ကိုယ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှာ ဟိုလီပွဲဆင်နွှဲရတာကို ပျော်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဟိုလီပွဲကို အကြောင်းပြပြီး မဖွယ်မရာပြုမူတတ်တာ မျိုးတွေကိုတော့ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

ဟိုလီပွဲတော်ရောက်ရင် လူစိမ်းတယောက်ကို သူကြိုက်ကြိုက်မကြိုက်ကြိုက် ပေါက်ချင်ရာနဲ့ ပေါက်လို့ရတယ်။ ဒါပေမယ့် ဟိုလီပွဲမို့ စိတ်မဆိုးဘူးဆိုတဲ့ အစဉ်အလာကိုတော့ ထိန်းချုပ်ဖို့ လိုလာပြီလို့လည်း အာဗီဒါ ရာဟာက ပြောပါတယ်။