ဂျာမနီမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မဲပေးသဘောတူ

ဓာတ်ပုံ မူပိုင် Getty Images
Image caption SDP ပါတီဝင် သုံးပုံ နှစ်ပုံက ထောက်ခံမဲ ပေးခဲ့ကြ

ဂျာမနီနိုင်ငံက ဗဟို-လက်ဝဲ ဆိုရှယ် ဒီမိုကရက်တစ် SDP ပါတီဝင်တွေက ဝန်ကြီးချုပ် အဲန်ဂယ်လာ မာခဲလ်ရဲ့ ခရစ်ရှန် ဒီမိုကရက် CDU အုပ်စုနဲ့ ညွန့်ပေါင်း အစိုးရအဖြစ် ပြန်ပေါင်းဖို့ မဲအများစု ပေးပြီး အတည်ပြုခဲ့ကြပါတယ်။

SDP ပါတီဝင် သုံးပုံ နှစ်ပုံက အခုလို ထောက်ခံမဲ ပေးခဲ့ကြတဲ့အတွက် မစ္စစ် မာခဲလ်က သူ့ရဲ့ လေးကြိမ်မြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

ယခင် အစိုးရလက်ထက်မှာလည်း အခုလို နှစ်ပါတီ ညွန့်ပေါင်း ဖွဲ့ပြီးတော့ပဲ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ မဲအများစု အသာမရခဲ့ပဲ အစိုးရလည်း မဖွဲ့နိုင်ဖြစ်နေခဲ့တဲ့ ၆ လ နီးပါး ကြာနေတဲ့ အခြေအနေကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီညွန့်ပေါင်း အစိုးရသစ်ကို အရင်တခေါက်လို နှစ်ဖက် ပါတီတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာမျိုး မတွေ့ခဲ့ရပါဘူး။

SDP ပါတီတွင်းက အထူးသဖြင့် လက်ဝဲ ဝါဒီတွေနဲ့ လူငယ်ပါတီတွေက ဒီဆုံးဖြတ်ချက်ဟာ ပါတီအတွက် ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ ယူဆနေကြတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယခင်အစိုးရပုံစံမျိုးပဲ ပြန်မပေါင်းဖို့ လှုပ်ရှားခဲ့တဲ့ SDP လူငယ်ခေါင်းဆောင် ကဲဗင် ကူးနာ့

ယခင်အစိုးရပုံစံမျိုးပဲ ပြန်မပေါင်းဖို့ လှုပ်ရှားခဲ့တဲ့ SDP လူငယ်ခေါင်းဆောင် ကဲဗင် ကူးနာ့က

'ဒီရလဒ်အတွက် စိတ်ပျက်မိပေမယ့် ကျနော်တို့ရဲ့ တာဝန် မပြီးဆုံးသေးပဲ အခုမှ တကယ် စမှာပါ။

နှစ်ဖက်စလုံးကို စောင့်ကြည့်ပြီး ကြွေးကြော်ထားတာတွေ မူဝါဒ တကယ် ဖြစ်လာအောင် ဆက်လုပ်သွားမှာပါ' လို့ ပြောဆိုခဲ့ပါတယ်။

တခါ ဥရောပ အရေးဟာ ညွန့်ပေါင်းအစိုးရအတွင်း အဓိက ကိစ္စ ပြဿနာ ဖြစ်လာနိုင်တယ်လို့လည်း SDP ပါတီ ဝင် ဂျဲန်စ် ဇင်မာမန်က

'ဥရောပသမဂ္ဂကို ဘယ်လိုပြန်ပြင်ဆင် ဖွဲ့စည်းမလဲ၊ ပြင်သစ်နဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စတွေဟာ ညွန့်ပေါင်း အစိုးရအဖွဲ့တွင်းမှာ အဓိ ဆွေးနွေးစရာ ကိစ္စ ဖြစ်လာနိုင်မယ်' လို့ ပြောသွားပါတယ်။

ဝန်ကြီးချုပ် မာခဲလ် တယောက်ကတော့ အတော်လေးကို စိတ်သက်သာရာ ရသွားမှာကတော့ မလွဲပေမယ့် အကြီးအကျယ် အောင်ပွဲခံရဖို့တော့ မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ် မာခဲလ် ယခင်လောက် လူကြိုက်မများတော့

အခု သဘောတူချက်အရ SDP ပါတီက အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိမှာ ဖြစ်ပြီး ညွန့်ပေါင်း အစိုးရသစ် ပြန်ဖွဲ့ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မစ္စစ် မာခဲလ်ရဲ့ ပါတီထဲမှာ အကြီးအကျယ် သဘောကွဲခဲ့ကြပါတယ်။

အခုထိလည်း ပါတီဝင် အတော်များများက ဒီဆုံးဖြတ်ချက်ကို ခုထိ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။

တခါ လူထုသဘောထားကို ကြည့်မယ် ဆိုရင်လည်း အခုဒီ ညွန့်ပေါင်း အစိုးရသစ် ပြန်ဖွဲ့ရေးနဲ့ ပတ်သက်လို့ လူထုအကြားမှာ သိပ် စိတ်အားထက်သန်မှု မရှိတာ တွေ့ရမှာပါ။

ကျန်တဲ့ ပါတီတွေ ဖြစ်ကြတဲ့ Green ပါတီနဲ့ ရော ၊ FDP ပါတီနဲ့ပါ ညွန့်ပေါင်း အစိုးရ အဖွဲ့ တဖွဲ့ဖွဲ့ဖို့ မစ္စစ် မာခဲလ် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပြီး မအောင်မြင်ခဲ့ပါဘူး။

ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ လနဲ့ ချီပြီး ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေခဲ့တာမို့ နိုင်ငံရေး ပါတီကြီးတွေ အပေါ် လူထုရဲ့ ယုံကြည်မှု အကြီးအကျယ် လျော့ကျသွားစေခဲ့တာပါ။

အခု ညွန့်ပေါင်း အစိုးရသစ်ဟာ ဒီလမှာ ကျမ်း သစ္စာ ကျိန်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။

မစ္စစ် မာခဲလ်အနေနဲ့ တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ဖို့ သူကတိပြုထားတဲ့အတိုင်း ဖြစ်အောင် လုပ်ပေးရမယ့် ပုံ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် Jenny Hill က ဘာလင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အန်ဂလာ မာကဲလ် ပြန်နိုင်တဲ့ ဂျာမနီရွေးကောက်ပွဲ

ဆက်စပ် အကြောင်းအရာများ