သံမဏိနဲ့ အလျူမီနီယမ် အခွန် အမေရိကန် အတည်ပြု

ဓာတ်ပုံ မူပိုင် EPA
Image caption သံမဏိနဲ့ အလျူမီနီယမ် အခွန်တင်းကြပ်တဲ့ အမိန့်ကို လက်မှတ်မရေးထိုးခင် သမ္မတ ထရမ့် မိန့်ခွန်းပြောနေစဉ်

အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ အလျူမီနီယမ်တွေအပေါ် တင်းကြပ်စွာ အခွန် ကောက်ခံရေး နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ အစီအစဉ်တွေကို သမ္မတ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်ဟာ မမျှတတဲ့ ကုန်သွယ်မှု ဒဏ်တွေကို ရင်ဆိုင်နေရပြီး အခုလို အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ရဲ့ စက်မှုလုပ်ငန်းကို တိုးတက်လာစေမယ်လို့ ဆိုပါတယ်။

ဒီလို အခွန်စည်းကြပ်ဖို့ကို သမ္မတထရမ့်က ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိပြု ပြောခဲ့တာ ဖြစ်ပြီး အခုတော့ တကယ် ဖြစ်လာခဲ့ပါပြီ။

လာမယ့် ၁၅ရက် ကာလကျရင် ကနေဒါနဲ့ မက္ကဆီကို နိုင်ငံက လွဲလို့ ကျန်တဲ့ နိုင်ငံတွေ အားလုံးအပေါ် ဒီအခွန် စည်းကြပ်မှုက သက်ရောက်တော့မှာ ဖြစ်ပါတယ်။

သံမဏိနဲ့အလူမီနီယမ် ကန် သွင်းကုန်အခွန်ကောက်မယ်

ဒီနှစ်နိုင်ငံကတော့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူချက် ရှေ့တိုး ချုပ်ဆိုရေး ဆွေးနွေးနေစဉ်မှာတော့ အခွန် စည်းကြပ်မှုကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့လည်း နောက်ဆုံးမှာ အလားတူ အခွန်စည်းကြပ် ခံရကောင်း ခံရနိုင်ပါတယ်။

သမ္မတထရမ့်က အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး လုံခြုံရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်မှုတွေကို တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းမယ့် နိုင်ငံတွေကိုတော့ အခွန် ကင်းလွတ်ခွင့် ပြုမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခွန်ကင်းလွတ်ပေးဖို့ သူ့ဘက်က ဘာတွေ တောင်းဆိုမလဲ ဆိုတာ အသေအချာ မသိရသေးပါဘူး။

တရုတ်နဲ့ ဥရောပ သမဂ္ဂ ဝင် နိုင်ငံတွေကတော့ လက်တုံ့ပြန် အရေးယူမှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ထားပြီး ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီအခွန်စည်းကြပ်မှုကြောင့် ပြည်တွင်း လုပ်ငန်း ကာကွယ်တဲ့ ခေတ်ကာလသစ်တခု ပေါ်ထွန်းလာနိုင်တယ်လို့ အတော်များများက စိုးရိမ်နေကြကြောင်း ဘီဘီစီ သတင်းထောက် Gary ODonoghue က သတင်းပေးပို့ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ