ထိုင်းအလုပ်သမား ဥပဒေ ပြောင်းလဲ ပြင်ဆင် သတ်မှတ်

Image caption ထိုင်းရောက် မြန်မာ အလုပ်သမားများ ဆန္ဒပြ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားတွေကို ခေါ်ယူအသုံးပြုနေတဲ့ ထိုင်း အလုပ်ရှင်တွေနဲ့ ပတ်သက်ပြီး အရင်ကချမှတ်ထားတဲ့ ဥပဒေမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ထည့်သွင်းထားပါတယ်။

ခုတော့ ထိုင်းအစိုးရက ဥပဒေမှာ ပါတဲ့ တချို့ ပြစ်ဒဏ်တွေကို ဖြေလျော့ပေးလိုက်သလို နိုင်ငံခြားအလုပ်သမားတွေအနေနဲ့ အလုပ်သစ်ကို ပြောင်းလုပ်မယ်ဆိုရင် အလုပ်ရှင်ဟောင်းရဲ့ ထောက်ခံစာမလိုဘဲ ပြောင်းရွှေ့ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

အရင်က ဥပဒေတွေဟာ ပြင်းထန်ပြီး အလုပ်ရှင်ကိုကော အလုပ်သမားကိုပါ အခက်အခဲတွေ ကြုံတွေ့စေနိုင်တဲ့ အပြင် ဒီဥပဒေကြောင့် အလုပ်ရှင်တချို့ လုပ်ငန်း ပိတ်ပြီး ထွက်သွားရတာတို့ ၊ အလုပ်သမားတွေ အနေနဲ့လည်း နေရပ်ပြန်ကုန်တာတို့ ဖြစ်လာတာတွေ ရှိခဲ့ကြောင်း ၊ ဒီအဖြစ်တွေကို ထိုင်းအလုပ်ရှင်တွေက အစိုးရဆီ တင်ပြခဲ့ကြောင်း ၊ ထိုင်းမှာ ရှိတဲ့ အလုပ်သမားတွေက Skilled Labour လို့ခေါ်တဲ့ ကြုံရာကျဘမ်း လုပ်နိုင်တဲ့ အနေအထားမျိုး မရှိတာတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေ ထိုင်းမှာ ၀င်ရောက် လုပ်ကိုင်နေရကြောင်း ၊ ဒါတွေကို အစိုးရဆီ တင်ပြကြတဲ့ အတွက် ခုလို ပြုပြင်ပြောင်းလဲပြီး အလုပ်ရှင်ကိုကော အလုပ်သမားတွေ အတွက်ပါ သက်သာစေမယ့် ဥပဒေတွေ ပြဌာန်းလာတာ ဖြစ်နိုင်တယ်လို့ ထိုင်းအခြေစိုက် ဥပဒေ ပညာရှင် ဦးအောင်မျိုးသန့် က ပြောပါတယ်။

ပြောင်းလဲလိုက်တဲ့ အချက်တွေကတော့ အလုပ်ရှင်ပြောင်းတဲ့ ကိစ္စ၊ အလုပ်ရှင်က နေရာမတူတဲ့ နေရာမှာ ခိုင်းစေတဲ့ အခါ ပြစ်ဒဏ် ကြီးလေးတာမျိုး ၊ အလုပ်ရှင်က အရင်လို အလုပ်သမား ထားရှိခြင်း ၊ လုပ်ငန်း မတူတာ Work Permit မှာ နာမယ် မတူတာတို့ အပြင် အလုပ်သမား ဟာလည်း ဗီဇာ ရှိပေမယ့် Work permit မရှိတာမျိုးတွေကို အရင်က ပြစ်ဒဏ် မဟုတ်ဘဲ ပြောင်းလဲ လျှော့ပေါ့ သတ်မှတ်ထားတာ တွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။

ဒါမျိုး ကိစ္စတွေကို အရင်က ဒဏ်ငွေ ဘတ်လေးသိန်း ကနေ ရှစ်သိန်း အထိ ချခဲ့ပေမယ့် အခုတော့ ဘတ်တသောင်း ကနေ တသိန်းထက် မပိုတာ တွေ့ရကြောင်း ၊ နောက်တခုက ငါးနှစ်ပြည့်ရမယ့် ပြစ်ဒဏ်ကို တနှစ် ကနေ နှစ်နှစ် အထိ လျှော့ချ ထားတာ တွေ့ရလို့ ဒါကို ကြည့်ခြင်းအားဖြင့် အခုလို ပြောင်းလဲ သတ်မှတ်တာဟာ ထိုင်းနိုင်ငံမှာ ပြည်ပက အလုပ်သမား အများအပြား လိုနေတယ် ဆိုတာ ပြနေတယ်လို့ သူက ဆိုပါတယ်။

အရင်ကဆိုရင် အလုပ်ရှင်ဟောင်းက ထောက်ခံစာ ထုတ်ပေးမှာ အလုပ်ရှင် အသစ်ဆီမှာ အလုပ်သွားလုပ်နိုင်တာ ဖြစ်ကြောင်း ၊ တခါတလေ အလုပ်ရှင်ဟောင်းက ထောက်ခံစာ မပေးချင်တာ ၊ မပေးတာမျိုး ပေါ်လာရင် အလုပ်သမား အနေနဲ့ work permit လုပ်တဲ့အခါ အခက်အခဲ ရှိကြောင်း ၊ အခုအခါ အလုပ်ရှင်ဟောင်းဆီက ထောက်ခံစာ မလိုတော့တာကြောင့် ဒါမျိုး အခြေအနေ ပြောင်းလဲ ပြဌာန်းပေးတာဟာ ၀မ်းသာစရာဘဲလို့ သူက ပြောပါတယ်။

တခါတလေ အလုပ်သမားတွေ အနေနဲ့ လခ မှန်မှန် မရတာတို့ ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ညီညီမျှမျှ ခိုင်းစေခြင်း မရှိတဲ့ အခါမျိုးမှာ အလုပ်သမားက ထွက်သွားချင်ပေမယ့် မူလ အလုပ်ရှင်က ထောက်ခံစာ ထုတ်မပေးရင် အလုပ်သမားက ဘယ်မှာ ထွက်မသွားနိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပြီး ကျွန်စံနစ်ကို ပြန်လည် ကျင့်သုံး နေသလို မျိုး ဖြစ်နေတာကြောင့် အခုလို အလုပ်ရှင်ဟောင်းဆီက စာမရပေမယ့် အလုပ်ရှင်သစ်ဆီ သွားလုပ်နိုင်တဲ့ အချက်ကို အလုပ်သမားတွေက ကြိုဆိုခဲ့ကြတယ်လို့ ဥပဒေ ပညာရှင် ဦးအောင်မျိုးသန့် က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ