တရုတ်သမ္မတ သက်တမ်း ကန့်သတ်ချက် ပယ်ဖျက်

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ရှီဂျင်ပင်းက အာဏာကို အခိုင်အမာ တည်ဆောက်နိုင်ပြီလို့လည်း သုံးသပ်တဲ့သူတွေ ရှိ

တရုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ တရုတ်သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးက မတ်လ ၁၁ ရက်နေ့မှာ မဲ အပြတ်အသတ်နဲ့ ထောက်ခံ အတည်ပြု လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ သမ္မတ တာဝန်ယူထားတဲ့သူတွေဟာ သမ္မတ သက်တမ်း ၂ ခုပဲ တာဝန် ထမ်းဆောင်ခွင့်ပေးဖို့ ၁၉၉၀ ခုနှစ်နောက်ပိုင်း အခြေခံဥပဒေမှာ ထည့်သွင်းကန့်သတ်ထားပါတယ်။ သမ္မတ သက်တမ်းတကြိမ်ကို ၅ နှစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ကို သမ္မတ ရှီကျင်းပင်း မတိုင်ခင် တာဝန်ယူခဲ့တဲ့ သမ္မတတွေက လိုက်နာခဲ့ပါ တယ်။

ခုတော့ အခြေခံ ဥပဒေပါ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ကွန်ဂရက်မှာပေးခဲ့တဲ့ မဲ ၃၀၀၀ နီးပါးမှာ ကိုယ်စားလှယ် ၂ ယောက်ပဲ အပြောင်းအလဲကို ကန့်ကွက်ခဲ့သလို ၃ ယောက်ကတော့ မဲမပေးဘူးလို့ ဆိုပါတယ်။ တရုတ် ကွန်ဂရက်က တခြားနိုင်ငံတွေမှာ ရှိတဲ့ ပါလီမန်တွေလိုပဲ ဥပဒေတွေကို ပြဌာန်း နိုင်ပါတယ်။

ဒီအပြောင်းအလဲကြောင့် ၂၀၂၃ ခုနှစ်မှာ သမ္မတရာထူးကနေ ဆင်းပေးရမယ် မစ္စတာ ရှီကျင်းပင်းက အာဏာကို ဆက်လက် ချုပ်ကိုင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် သူရဲ့ အာဏာကို အခိုင်အမာ တည်ဆောက်နိုင်ပြီလို့လည်း သုံးသပ်တဲ့သူတွေ ရှိနေပါတယ်။

ဒီလို ပြောင်းလဲနိုင်ခဲ့တာကြောင့် သမ္မတ ရှီကျင်းပင်းကို စိန်ခေါ်နိုင်တဲ့သူ တရုတ်မှာ မရှိတော့ဘူးလို့ ဘီဂျင်းရောက်နေတဲ့ ဘီဘီစီသတင်းထောက် Stephen McDonellက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကွန်ဂရက်မှာပေးခဲ့တဲ့ မဲ ၃၀၀၀ နီးပါးမှာ ကိုယ်စားလှယ် ၂ ယောက်ပဲ အပြောင်းအလဲကို ကန့်ကွက်ခဲ့သလို ၃ ယောက်ကတော့ မဲမပေး

အရင်သမ္မတ ဟူဂျင်တောင် လက်ထက်က အဖွဲ့ဝင် ၉ ဦးပါ ပေါ်လစ်ဗျူရို ကော်မတီမှာ မတူ ကွဲပြားတဲ့ အမြင်တွေ ထုတ်ဖော်ပြောဆိုလေ့ရှိပေမယ့် ဒီနေ့မှာတော့ ဒါတွေအားလုံးဟာ မရှိတော့သလို ခေါင်းဆောင်တဦး အနေနဲ့ သူစိတ်ကြိုက်အာဏာကို ကိုင်စွဲထားနိုင်သလား ဆိုတာတွေကို ဆွေးနွေးခဲ့တာမျိုး မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။

ကွန်ဂရက်ကို တက်ရောက်လာတဲ့သူတွေအများစုကတော့ အခုလို မဲပေးဆုံးဖြတ်ချက်ကို ထောက်ခံကြ ပါတယ်။ ဒီအထဲကတယောက်ကို လူတယောက်ထဲကို အာဏာတွေအများကြီး ပေးထားတာ မကြောက် ဘူးလားလို့ မေးတာကို 'သူက မကြောက်ပါဘူး။ ဒါဟာ တရုတ်ရဲ့ စရိုက်လက္ခဏာနဲ့ ကိုက်ညီတဲ့ ဒီမိုကရက်တစ် စနစ်ပါ။ ကျနော်တို့ အားလုံး ဆုံးဖြတ်ကြတာပါ' လို့ ပြောသွားပါတယ်။

အရင်က အစိုးရ သတင်းစာ အယ်ဒီတာဟောင်း Li Datong ကတော့ အခြေခံ ဥပဒေပါ သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ပြင်ဆင်တာဟာ မတည်ငြိမ်ဖြစ်စေမယ့် မျိုးစေ့ကို ချလိုက်တာလို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရသတင်းစာတွေကတော့ ဒီပြုပြင်ပြောင်းလဲတာဟာ လိုအပ်ချက် တခု ဖြစ်တယ်လို့ ရေးပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်မှာ မစ္စတာ ရှီကျင်းပင်းဟာ သူကို ဆက်ခံမယ့်သူကို မရွေးချယ်ခဲ့သလို ခေတ်သစ် တရုတ်ရဲ့ အကျင့်စရိုက်နဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ် စနစ်အတွက် ရှီကျင်ပင်း အတွေးအခေါ်ဆိုတာကို ပါတီရဲ့ အခြေခံ ဥပဒေမှာ ထည့်သွင်းခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမြဲတမ်းအာဏာချုပ်ကိုင်မယ့် တရုတ်သမ္မတစည်းမျဉ်းကို ဝေဖန်နေကြ

၂၀၁၂ ခုနှစ်မှာ မစ္စတာ ရှီကျင်ပင်းဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ အကျင့်ပျက် ချစားမှုကို တိုက်ဖျက်ခဲ့ပြီး ပါတီအဖွဲ့ဝင် တော်တော်များများကို အကျင့်ပျက် ခြစားမှုနဲ့ အရေးယူခဲ့ ပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ အရေးယူရာမှာ နိုင်ငံရေးအရ ပြိုင်ဖက်ဖြစ်လာနိုင်တဲ့သူတွေကိုလည်း သမ္မတ ရှီကျင်ပင်းက ရှင်းထုတ်ခဲ့တယ်လို့ ဝေဖန်ထောက်ပြတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ကျင်းပနေတဲ့ ဒီညီလာခံမှာ သမ္မတ သက်တမ်း ပြင်ဆင်ချက်အပြင် လာမယ့် ၅ နှစ်မှာ တရုတ် အစိုးရမှာ ပါဝင်မယ့် အမည် စာရင်း၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ရှီကျင်ပင်း အတွေးအခေါ်ကို အခြေခံ ဥပဒေမှာ ထည့်သွင်းဖို့ ကိစ္စတွေ အတည်ပြုဖို့လည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ