ကလပ်အသင်းဥက္ကဋ္ဌ သေနတ်နဲ့ကွင်းထဲဝင်လို့ ဂရိဘောလုံးပွဲတွေ ဆိုင်းငံ့

ဓာတ်ပုံ မူပိုင် Reuters
Image caption အသင်း ကစားသမားတွေကို ကွင်းထဲကနေ ထွက်ခွာဖို့ မစ္စတာ Savvidisက အမိန့်ပေးခဲ့ပါတယ်။

ဂရိနိုင်ငံက PAOK Salonika ကလပ်အသင်း ဥက္ကဋ္ဌ Ivan Savvidisက ဘောလုံးကွင်းထဲကို သေနတ်နဲ့ ဝင်လာပြီးတဲ့နောက် ဂရိမှာ ကျင်းပနေတဲ့ ဆူပါလိဂ်ပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

AEK Athensနဲ့ကစားတဲ့ပွဲစဉ်မှာ PAOK Salonikaက သွင်းတဲ့ဂိုးကို လူကျွံဘောလို့ ဒိုင်က သတ်မှတ်တာကြောင့် ဒိုင်ကို တိုက်ခိုက်ဖို့ ကွင်းထဲကို ဝင်လာတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၈၉မိနစ်မှာ PAOK Salonika သွင်းယူတဲ့ ဂိုးကို ခွင့်မပြုတာကြောင့် အသင်း ကစားသမားတွေကို ကွင်းထဲကနေ ထွက်ခွာဖို့ မစ္စတာ Savvidisက အမိန့်ပေးခဲ့ပါတယ်။

AEK Athensကစားသမားတွေကတော့ လုံခြုံရေးကို စိုးရိမ်လို့ ပွဲမပြီးခင် ကွင်းထဲကနေ ထွက်ခွာခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီပွဲကိုနောက်ပိုင်းမှာ တရားဝင်ပယ်ဖျက်ခဲ့ပြီး ရဲတွေက မစ္စတာ Savvidisကို ဖမ်းဆီးဖို့ ရှာဖွေနေ ပါတယ်။

ဒီပွဲကိုနောက်ပိုင်းမှာ တရားဝင်ပယ်ဖျက်ခဲ့ပြီး ရဲတွေက မစ္စတာ Savvidisကို ဖမ်းဆီးဖို့ ရှာဖွေနေ ပါတယ်။

ဂရိဝန်ကြီးချုပ် Alexis Tsiprasနဲ့ တွေ့ဆုံခဲ့အပြီးမှာတော့ အားကစားဝန်ကြီးက ဂရိမှာကျင်းပနေတဲ့ ထိပ်တန်းပွဲစဉ်တွေအားလုံးကို ရပ်တန့်ဖို့ မနေ့က ကြေညာခဲ့ပါတယ်။

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကလည်း ဂရိကို နိုင်ငံတကာ ပွဲစဉ်တွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့မယ်လို့ ပြောဆိုခဲ့သလို သင့်တော်တဲ့အရေးယူဆောင်ရွက်မှုတွေ အမြန်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

မစ္စတာ Savvidisဟာ ဂရိမှာ အချမ်းသာဆုံးလူတဦးဖြစ်ပြီး ရုရှား ပါလီမန်ဟောင်း တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ