ဗြိတိန်က ရုရှားသူလျှို အဆိပ်မိတာ ရုရှားလက်ချက်မကင်းဘူးလို့ ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption သူတို့ ၂ ဦးဟာ ရုရှားက ထွင်ထားတဲ့ စစ်သုံး အာရုံကြော အဆိပ်သင့်ခဲ့တာလို့ မစ္စထရီဇာမေက ပါလီမန်မှာ ပြောပါတယ်

ဗြိတိန်မှာ နေထိုင်နေတဲ့ ရုရှား သူလျှိုဟောင်းနဲ့ သမီးကို အဆိပ်မိစေတာဟာ ရုရှားရဲ့ လက်ချက် ဖြစ်နိုင်ဖို့ များတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ပြောပါ တယ်။

ပြီးခဲ့တဲ့ရက်ပိုင်း Salisburyမြို့က ဈေးဝယ်ဆင်တာတခုမှာ ရုရှား သူလျှိုဟောင်းSergei Skripalနဲ့ သမီးတို့ အဆိပ်သင့်ပြီး မေ့မြောနေခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ ရုရှားက ထွင်ထားတဲ့ စစ်သုံး အာရုံကြော အဆိပ်သင့်ခဲ့တာလို့ မစ္စထရီဇာမေက ပါလီမန်မှာ ပြောပါတယ်။

မတ် ၄ ရက်က Salisburyမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ဖြစ်နိုင်ချေ ၂ ခု ရှိနေပြီး ဗြိတိန်ကို ရုရှားက တိုက်ခိုက်တာ ဒါမှမဟုတ် ရုရှား အစိုးရက အာရုံကြော အဆိပ်ကို မထိန်းချုပ်နိုင်တော့ဘဲ တပါးသူတွေ လက်ထဲ ရောက်သွားတာလည်း ဖြစ်နိုင် တယ်လို့ ဝန်ကြီးချုပ် ထရီဇာမေက ပြောပါတယ်။

လန်ဒန်အခြေစိုက် ရုရှားသံအမတ်ကိုလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်း ပြောဆိုဖို့ ဆင့်ခေါ်ထားတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption Salisburyမြို့မှာ စုံစမ်းစစ်ဆေးနေသူများ

ဒီကနေ့ ရုရှားက လာရောက်ရှင်းပြတာကို မူတည်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာကို ဗြိတိန်က စဉ်းစားမယ်လို့ မစ္စ ထရီဇာမေက ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ ပုံပြင်တပုဒ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ကတော့ တုံ့ပြန်ပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ ဒီဖြစ်ရပ်အပေါ် အလေးနက်ထားပြီး အရေးယူဆောင်ရွက် သွားမှာ ဖြစ်သလို ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆိုတာကိုတော့ ဗြိတိန် ဝန်ကြီးချုပ်က ပြောမသွားပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillersonကတော့ ဒီတိုက်ခိုက်မှုကို ရုရှားလုပ်တယ်လို့ ဗြိတိန် ပြောတာကို သဘောတူသလို အပြစ်ပေးရမယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂကတော့ ဗြိတိန်နဲ့အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ နေတိုးအဖွဲ့ကလည်း ဒီလိုတိုက်ခိုက်တာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။