အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရာထူး က ထုတ်ပယ်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျေးဇူး တင်ကြောင်း ထရမ့် က လူမှု ကွန်ရက် Twitter မှာ ရေးသား ခဲ့

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် ကို သမ္မတ ဒေါ်နယ် ထရမ့် က ရာထူး ကနေ ထုတ်ပယ် လိုက်ပါတယ်။

ဒါ့ အပြင် နိုင်ငံခြားရေး ဝန်ကြီး နေရာ ကို စီအိုင်အေ ညွှန်ကြားရေးမှူး မိုက် ပွန်ပီယို ကို ခန့်အပ် လိုက်တယ်လို့ သိရပါတယ်။

ရက်စ်တေလာဆန် ဟာ နိုင်ငံခြားရေး ဝန်ကြီး ရာထူး တာ ဝန် ကို ကျေပွန် စွာ ထမ်းဆောင် ခဲ့သူ ဖြစ်လို့ ကျေးဇူး တင်ကြောင်း ထရမ့် က လူမှု ကွန်ရက် Twitter မှာ ရေးသား ခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းအကြား အရင်က မလုပ်ခဲ့စဖူး တွေ့ဆုံမှုတခု လုပ်ဖို့ သမ္မတ ထရမ့် အစိုးရက ပြင်ဆင်နေချိန်မှာပဲ အခုဒီ ရာထူး အပြောင်းအလဲ ထွက်ပေါ်လာတာပါ။

ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ ရှာဖွေရေး အိတ်စ်ဇွန်မိုဘိုင်း ကုမ္ပဏီ ရဲ့ အမှုဆောင် အရာရှိ ဟောင်း မစ္စတာ တေလာဆန် ဟာ နိုင်ငံခြားရေး ဝန်ကြီး ရာထူး နေရာ မှာ တစ်နှစ်ကျော် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

လစ်လပ် သွား တဲ့ စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ ရဲ့ ဒါရိုက်တာ ရာထူး ကိုတော့ မစ္စ ဂျီနာ ဟက်စ်ပဲ ကို ခန့်အပ်ဖို့ ဒေါ်နယ် ထရမ့် က အဆိုပြု ခဲ့ပါတယ်။

သမ္မတ ရဲ့ အဆိုပြုချက်ကို အတည်ပြု နိုင်ခဲ့မယ်ဆိုရင်တော့ စီအိုင်အေရဲ့ ပထမဦးဆုံး အမျိုးသမီး ထောက်လှမ်းရေး ညွှန်ကြား ရေးမှူး ဖြစ်လာ မှာပါ။

မြောက်ကိုရီးယား နဲ့ နျူကလီးယား အရေး မဆွေးနွေး ခင်မှာ အစိုးရ အဖွဲ့ ကို အပြောင်းအလဲ လုပ်တဲ့ သဘောဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ က ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်း က အာဖရိက နိုင်ငံကို တရားဝင် ခရီး သွားရောက်နေတာကြောင့် မစ္စတာ တေလာ ဆန် ဟာ မြောက်ကိုရီးယား အရေး နဲ့ ပတ်သက်တဲ့ သမ္မတ ထရမ့် ရဲ့ ကြေငြာချက် ကို သိရှိခြင်း မရှိခဲ့ပါဘူး။