ရုရှား သူလျှိုဟောင်း အဆိပ်ခတ်ခံရမှု ဗြိတိန် ကို ထောက်ခံကြ

ဓာတ်ပုံ မူပိုင် EPA/ Yulia Skripal/Facebook
Image caption ဆာဂေး ဆခရီပါလ်နဲ့ သူ့သမီး ယူလီယာတို့ကို စိုးရိမ်စရာ အခြေအနေနဲ့ ဆေးရုံတင်ထားရဆဲ

ဗြိတိန်နိုင်ငံမှာ နေထိုင်နေတဲ့ ရုရှား သူလျှိုဟောင်း တဦးကို အာရုံကြော ထိခိုက်စေနိုင်တဲ့ ဓါတုအဆိပ်နဲ့ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ ရုရှားကို နောက်ထပ် အရေးယူတာမျိုး လုပ်မယ် ဆိုရင် ဗြိတိန်အစိုးရဘက်က EU ဥရောပ သမဂ္ဂက ပူးပေါင်းပါဝင်မယ်လို့ EU က ပြောပါတယ်။

အခုလ အစောပိုင်းတုန်းက Salisburyမြို့မှာ ဖြစ်ခဲ့တဲ့ အဲဒီ ဖြစ်ရပ်မှာ ရုရှား အစိုးရက နောက်ကွယ်က လုပ်ခဲ့တယ် ဆိုတာ ဖြစ်နိုင်ခြေ အများကြီး ရှိတယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

EU ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တွေက ဗြိတိန်အစိုးရရဲ့ သဘောထား အတိုင်း ထပ်တူ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

ရုရှား အစိုးရကတော့ ဗြိတိန်ဘက်ကို လျှို့ဝှက် သတင်း အချက်အလက်တွေ ပေးခဲ့တဲ့ ရုရှား သူလျှိုဟောင်း ဆာဂေး စခရီပါလ်နဲ့ သူ့သမီး ယူလီယာ တို့ကို ဓါတုအဆိပ်နဲ့ တိုက်ခိုက်ခဲ့မှုမှာ သူတို့ ပါဝင် ပတ်သက်မှု လုံးဝ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဓါတု အဆိပ်သင့်ခဲ့တဲ့ သူတို့နှစ်ဦးကို လိုက်ပါကူညီပေးခဲ့သူ ရဲအရာရှိတဦးလည်း အကြီးအကျယ်နာမကျန်း ဖြစ်ပြီး ဆေးရုံတင်ထားရပါတယ်။

ဗြိတိန် အစိုးရရဲ့ တရားဝင် စွပ်စွဲမှု ထွက်လာအပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး စွပ်စွဲမှုတွေကို ယတိပြတ် ငြင်းဆို သွားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပါတဲ့ ဓါတု အဆိပ်ကို ရုရှားကျွမ်းကျင်သူတွေကို စစ်ဆေးခွင့် မပြုမချင်း ဗြိတိန်အစိုးရရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်က ရုရှားသူလျှို အဆိပ်မိတာ ရုရှားလက်ချက်မကင်းလို့ ဝန်ကြီးချုပ်ပြော

ရုရှား သူလျှိုဟောင်း ဆာဂေး စခရီပါလ်နဲ့ သမီးဖြစ်သူ ယူလီယာ တို့ကို တိုက်ခိုက်ခဲ့တဲ့ အဆိပ် အမျိုးအစားဟာ ရုရှား တီထွင်တဲ့ စစ်တပ်သုံး အဆင့်၊ အာရုံကြော ဓာတု အဆိပ်ငွေ့ အမျိုးအစား ဖြစ်တယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ဗြိတိသျှ ပါလီမန်မှာ ပြောခဲ့တာကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးက အဓိပ္ပာယ် မရှိတဲ့ စကားတွေ ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

မစ္စတာ လက်ဗရော့ဗ်ရဲ့ ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာ ကလည်း ဝန်ကြီးချုပ် ထရီဇာမေရဲ့ စွပ်စွဲချက်တွေဟာ ဗြိတိသျှ ပါလီမန်ထဲက ဆပ်ကပ်ပြပွဲ ဆိုပြီး သရော် ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒီည သန်းခေါင် နောက်ဆုံးထားပြီး ရုရှားအစိုးရဘက်က ရှင်းလင်းချက် ပေးဖို့ ဗြိတိန်အစိုးရက တောင်းဆိုထားပါတယ်။

ဗြိတိန်က ဒီလို ရာဇသံ ပေးတာကို ရုရှား အစိုးရက ဒေါသ ထွက်နေပြီး မော်စကိုမှာ ရှိတဲ့ ဗြိတိသျှ သံအမတ် လော်ရီ ဘရစ္စတိုကို ရုရှား နိုင်ငံခြားရေး ရုံးက ဆင့်ခေါ် ခဲ့တယ် လို့ ရုရှား သတင်းဌာန Interfax မှာ ဖေါ်ပြထားပါတယ်။

တိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှား အစိုးရ ကိုယ်တိုင် ရှိနေတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဘက်က အခိုင်အမာ ပြောလာတာကလည်း သက်သေ ရထားတဲ့ ဓာတုလက်နက်ဟာ ဆိုဗီယက် ပြည်ထောင်စု လက်ထက်တုန်းက တီထွင်ထားတဲ့ အဆင့်မြင့် အာရုံကြော အဆိပ်ငွေ့ ပစ္စည်း ဖြစ်ကြောင်း ဓာတ်ခွဲ စမ်းသပ် တွေ့ရှိလို့ ဖြစ်ပါတယ်။

အဲဒီ ဓာတု ပစ္စည်းကို ရုရှားလို Novichok လို့ ခေါ်ပြီး ပစ္စည်းသစ်လို့ အဓိပ္ပာယ်ရပါတယ်။

ဒီ ဓါတု အဆိပ်နဲ့ တိုက်ခိုက် ခံခဲ့ရတဲ့ မစ္စတာ စကရီပါလ်နဲ့ သမီးဖြစ်သူတို့ကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံပေါ်မှာပဲ ရှိနေပါတယ်။

သူတို့နဲ့ ထိတွေ့ ကိုင်တွယ်မိတဲ့ ရဲစုံထောက် နစ်ခ် ဘေလီလည်း အတော်လေး နေမကောင်း ဖြစ်နေပေမယ့် အခုတော့ မိသားစုနဲ့ ပြန် စကားပြောတာမျိုးတွေ ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ