ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း ကွယ်လွန်

ဓာတ်ပုံ မူပိုင် AFP
Image caption ရူပဗေဒပညာရှင် စတီဖန် ဟောကင်း

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံပညာရှင်ကြီး စတီဗင် ဟော့ကင်းဟာ (အသက် ၇၆ နှစ်) ဒီနေ့မှာပဲ ကွယ်လွန်သွားပြီလို့ မိသားစုပြောခွင့်ရသူက ပြောပါတယ်။

စတီဗင် ဟော့ကင်းဟာ "အချိန်ရဲ့သမိုင်းအကျဉ်း" စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြဝဠာ အာကာသထဲက တွင်းနက်တွေအကြောင်းနဲ့ နှိုင်းရသဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။

သူဟာ အသက် ၂ဝ ကျော်အရွယ်ကစပြီး အာရုံကြော ဆဲလ်တွေ လှုပ်ရှားလို့မရတဲ့ ဝေဒနာတစ်မျိုးကို ခံစားနေရပေမယ့် သူ့ရဲ့ ထူးချွန်မှုတွေကြောင့် ကမ္ဘာကျော်ပြီး လူသိများခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စတီဖန် ဟော့ကင်း အကြောင်း မြန်မာ ရူပဗေဒ ပညာရှင် ပြောကြားချက်

စတီဗင် ဟော့ကင်း ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အောက်စဖို့ဒ် မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ အောက်စဖို့ဒ် တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး သဘာဝ သိပ္ပံ ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိန်းဘရစ် တက္ကသိုလ် ကနေလည်း ပါရဂူဘွဲ့ ရယူခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာ အာရုံကြောရောဂါခံစားရပြီး ၂ နှစ်ပဲ အသက်ရှင်နိုင်မယ်လို့ ပြောခံခဲ့ရဖူးပါတယ်။

၁၉၇၄ ခုနှစ်မှာ အာကာသထဲက ဘလက်ဟိုး တွင်းနက်တွေ အကြောင်းကို "Hawking radiation" အဖြစ် သီအိုရီထုတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ်ဖြစ်တဲ့ "အချိန်ရဲ့သမိုင်းအကျဉ်း" (A Brief History of Time) ကို ထုတ်ဝေခဲ့ပြီး ကမ္ဘာတဝန်း စာအုပ်ရေ ၁၀ သန်း ကျော် ရောင်းခဲ့ရပါတယ်။ သူ့စာအုပ်၊ စာတမ်း တချို့ကို မြန်မာဘာသာကို ပြန်ဆိုကြတာတွေလည်း ရှိပါတယ်။

စတီဗင် ဟော့ကင်းဟာ စကားပြောတာကအစ အသံတုစက်ကနေတဆင့် ပြောခဲ့ရပြီး ဘဝရဲ့ အချိန်တော်တော်များများကို ဘီးတပ်ကုလားထိုင်နဲ့ သွားလာခဲ့ရသူလည်း ဖြစ်ပါတယ်။