သေနတ်ထိန်းချုပ်ရေး အထက်တန်းကျောင်းသားတွေ ဆန္ဒပြ

Image caption သေနတ်ထိန်းချုပ်ဖို့ အောက်လွှတ်တော် ပျက်ကွက်နေ

အမေရိကန် ပြည်ထောင်စုမှာ၊ ဖလော်ရီဒါ ပြည်နယ် ကျောင်းတွင်း သေနတ်ပစ်ခတ်မှု တစ်လ တင်းတင်းပြည့်ချိန်၊ သေနတ်ကိုင်တွယ်ခွင့် ထိန်းချုပ်ရေး အတွက် နိုင်ငံတလွှား အထက်တန်း ကျောင်းတွေက ကျောင်းသားတွေ တခဲနက် ချီတက် တောင်းဆို ခဲ့ပါတယ်။

နိကိုးလပ်စ် ခရုဇ် ဆိုတဲ့ ကျောင်းသားဟောင်း တစ်ယောက်ရဲ့ လက်ချက်နဲ့ လူ ၁၇ ယောက် သေဆုံးခဲ့ရတဲ့ အထိ သေနတ်ပစ်မှု ဖြစ်ခဲ့တဲ့ မာဂျရီ စတုန်းမင်း ဒေါက်ဂလပ်စ် ဆိုတဲ့ အထက်တန်း ကျောင်းမှာ ဆိုလည်း သေဆုံး ခဲ့သူတွေကို သတိရ အောင့်မေ့တဲ့ အနေနဲ့ စာသင်တာ ၁၇ မိနစ် ရပ်နားခဲ့ပြီး၊ ကျောင်း ဘောလုံးကွင်းထဲ ကျောင်းသားတွေ စုဝေး ခဲ့ကြပါတယ်။

ဘောလုံးကွင်းထဲ ကျောင်းသားတွေ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး အားပေး နှစ်သိမ့် နေကြတာကို စိတ်လှုပ်ရှား ဝမ်းနည်းဖွယ် မြင်တွေ့ရပါတယ်။

Image caption ဘောလုံးကွင်းထဲ စုဝေးကြ

သေနတ်ကြောင့် ပေါ်ပေါက် နေတဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေကို ထိန်းချုပ်ဖို့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်က ပျက်ကွက် နေတယ် ဆိုပြီး နိုင်ငံတလွှားက ကျောင်းသားတွေလည်း၊ လမ်းတွေပေါ် ထွက် ဆန္ဒပြ ခဲ့ကြပါတယ်။

"စာသင်ခန်းတွေထဲ သေနတ်ကိုင်ထားတဲ့ ဆရာတွေနဲ့ အတူထိုင်မှာ မဟုတ်ဘူး၊ အကြောက်တရားနဲ့ ပညာသင်ကြားရမယ့် အဖြစ်ကိုလည်း မလိုချင်ဘူး၊ ကျောင်းတွေကို အကျဉ်းထောင်တွေ သဖွယ် တင်းကြပ်မှာကိုလည်း ငြင်းပယ်တယ်" လို့ မေရီလဲန်း ပြည်နယ်၊ မောင့်ဂိုမာရီ အရပ် ပညာရေး ဘုဒ် အဖွဲ့ထဲ ကျောင်းသား ကိုယ်စားလှယ် အဖြစ် ပါဝင်တဲ့ မက်ပို့စ်က ဆန္ဒပြပွဲမှာ ပြောသွားပါတယ်။

သေနတ်ကိုင်တွယ်ခွင့် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး၊ အသေးစိတ် အချက်တွေ ပါဝင်တဲ့ ဥပဒေ တစ်ရပ် ထွက်လာဖို့သာ အလိုရှိတယ် လို့လည်း မက်ပို့စ်က ဆိုပါတယ်။

သေနတ်ပစ်ခတ်မှုတွေ မပေါ်ပေါက်အောင် ဘယ်လို ကိစ္စတွေမှာ ငွေကြေး ဘယ်လောက် အကုန်အကျ ခံမယ် ဆိုပြီး အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ အချက်တွေကို အလိုမရှိကြောင်း မက်ပို့စ်က ပြောသွားတာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် ကျောင်းတွင်း ပစ်ခတ်မှု ၁၇ ဦးသေဆုံး

ကျောင်းအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ကြားဖြတ် ဟန့်တားမယ့် အဖွဲ့တွေ ထားရှိဖို့ အပါအဝင် အစီအစဉ်တချို့ကို အကောင်အထည် ဖော်ဖို့ ဒေါ်လာ သန်း ၅ဝ သုံးစွဲခွင့် ပေးမယ် ဆိုပြီး အောက်လွှတ်တော်က ခွင့်ပြု ထားပါတယ်။

ဒါပေမယ့် သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ထဲ မပါဝင်တာကြောင့် အဝေဖန် ခံနေရတာ ဖြစ်ပါတယ်။

တခါ၊ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကျောင်းတွင်း သေနတ်ပစ်မှုတွေ မဖြစ်အောင် ကာကွယ်ရေး လုပ်ငန်းစဉ်ထဲမှာလည်း ၊ ဖလော်ရီဒါ ပစ်ခတ်မှု အပြီး သမ္မတ ထရမ့် ထပ်ပြန်တလဲလဲ ပြောလာတဲ့ မောင်းပြန် ရိုင်ဖယ်သေနတ် ဝယ်ယူခွင့် ရှိတဲ့ အသက်ကန့်သတ်ချက်ကို တိုးမြှင့် သတ်မှတ်မယ် ဆိုတဲ့ အချက်ကို ချန်ထား ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ