တက္ကသိုလ်ကျောင်းသားတွေ သုံးတဲ့ ခုံးကျော်တံတားပြိုကျ

Image caption ပိတ်မိနေတဲ့ လူတွေကို ရှာဖွေနေ

အမေရိကန် ပြည်ထောင်စု၊ မိုင်ယာမီမြို့ ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်ရဲ့ လမ်းမကြီးကို ဖြတ်ပြီး ဆောက်ထားတဲ့ လူကူး ခုံးကျော်တံတား တစ်စင်း ပြိုကျ ခဲ့တဲ့ အတွက် လူ ထိခိုက် သေဆုံးမှု များခဲ့ရပါတယ်။

အပျက်စီးပုံတွေအောက် ပိတ်မိနေဆဲ သူတွေ ရှိတယ်လို့လည်း သတင်းတွေ ရရှိ ထားပါတယ်။

အခင်းဖြစ်ရာ နေရာမှာ အရေးပေါ် ကယ်ဆယ်ရေး သမားတွေက ထိခိုက် ဒဏ်ရာ ရသူတွေကို ကုသမှုပေးနေတာတွေကို ရုပ်မြင်သံကြားပေါ် တွေ့ နေရပါတယ်။

Image caption ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေ

ဒါ့အပြင် ပိတ်မိနေတဲ့ လူတွေကို ရှာဖွေနေကြသူတွေ ရှိသလို၊ ဒဏ်ရာရသူတွေကို ထမ်းစင်နဲ့တင်ပြီး လူနာတင်ယာဉ်တွေ ရှိရာ ခေါ်ဆောင် သွားနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

အခုပြိုကျခဲ့တဲ့ တန်ချိန်ပေါင်း ၉၅ဝ အလေးချိန်ရှိတဲ့ လူကူးတံတားဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းကမှ ဖွင့်လှစ်ထားတဲ့ တံတားသစ် ဖြစ်ပါတယ်။

သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးပဲ၊ လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းတာတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေတယ် ဆိုပြီး တက္ကသိုလ်က ထုတ်ပြန် ထားပါတယ်။

Image caption စနေနေ့တုန်းကမှ ဖွင့်လှစ်ထားတဲ့ တံတားသစ်

သေဆုံးသူ တချို့ရှိတယ်၊ တံတားပြိုကျတုန်း အောက်မှာ ကား ၅ စီး ၆ စီး ဝန်းကျင်လည်း ရှိနေခဲ့တယ်လို့ ဖလော်ရီဒါ အဝေးပြေးလမ်း ထိန်းချုပ်ရေး အဖွဲ့က အရာရှိ အလက်ဟန်ဒို ကမ်မာချိုက အမေရိကန် သတင်းဌာန စီဘီအက်စ်ကို ပြောပါတယ်။

ပြိုကျသွားတဲ့ တံတားဟာ ကျောင်းသားတွေရဲ့ အဆောင်ရှိတဲ့ နေရာနဲ့ စာသင်ဆောင်တွေကြား ဆက်သွယ် ထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ