တရုတ်သွင်းကုန် အခွန်တိုးဖို့ ထရမ့် လက်မှတ်ထိုး

ဓာတ်ပုံ မူပိုင် Reuters
Image caption ကန့်သတ်မယ့် ကိစ္စ ကတော့ စုစုပေါင်း ဒေါ်လာ ၆၀ ဘီလျံ အထိ ရှိမှာ ဖြစ်

အမေရိကန် နိုင်ငံ ကို တင်သွင်း တဲ့ တရုတ် ကုန်ပစ္စည်းတွေကို အခွန် တိုးမြှင့် ကောက်ခံ မယ့် အစီအစဉ် ကို သမ္မတ ဒေါ်နယ် ထရမ့် က လက်မှတ် ရေးထိုး အတည်ပြု လိုက်ပါပြီ။

ဒါ့ အပြင် တရုတ် ရဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း တွေကိုလည်း အမေရိကန် က ကန့်သတ် တော့မှာပါ။

အခု အမေရိကန် ဘက် က ဒဏ်ခတ် အခွန် တိုးမြှင့် ကန့်သတ်မယ့် ကိစ္စ ကတော့ စုစုပေါင်း ဒေါ်လာ ၆၀ ဘီလျံ အထိ ရှိမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အရေးမှာ အကူအညီ ပေးခဲ့တဲ့ တရုတ် နိုင်ငံကို မိတ်ဆွေ နိုင်ငံ အဖြစ် ရှုမြင်ပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ လိုငွေ ပြနေတဲ့ အတွက် ဒီ ကိစ္စဟာ မဖြစ်မနေ ဆောင် ရွက် ရမယ့် ကိစ္စ ဆိုပြီး အိမ်ဖြူတော် မှာလုပ်တဲ့ သတင်းစာ ရှင်လင်း ပွဲမှာ သမ္မတ ဒေါ်နယ် ထရမ့် က ပြောပါတယ်။

တရုတ်ရဲ့ သွင်းကုန် နဲ့ ရင်းနှီးမြှုပ် နှံမှုတွေကို ကန့်သတ်မယ့် အစီအစဉ်တွေ ဖြစ်ပေါ် လာရတာ က အမေရိကန် စီးပွားရေး လုပ်ငန်း တွေရဲ့ ဥာဏ ပိုင်ဆိုင် မှု တွေကို ခိုးယူ အသုံးပြုဖို့ တရုတ် အစိုးရ က အားပေး ထောက်ခံ နေတယ်လို့ ဖော်ထုတ် တွေ့ရှိ ခဲ့တာ ကြောင့် လို့ ဆိုပါတယ်။

တရုတ် ရဲ့ ကုန်သွယ်မှုတွေ နဲ့ ရင်းနှီးမြှုပ် နှံမှု တွေ ပုံစံ တွေကို ပြောင်းလဲ ပေးဖို့ နှစ်ပေါင်းများစွာ ဆွေးနွေး ခဲ့ပေမယ့် အဲဒါတွေက အလုပ် မဖြစ်ခဲ့ဘူး လို့လည်း အိမ်ဖြူတော် ဘက် က ပြောပါတယ်။

တရုတ် အစိုးရ ဘက်က တော့ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး ရဲ့ စည်းမျဉ်း စည်းကမ်း တွေကို ချိုးဖောက် လိုက်တာ ပဲ လို့ စွပ်စွဲ ပြင် တင် ခဲ့ပါတယ်။

အမေရိကန် ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို လက်တုံ့ပြန်ဖို့ အဆင်သင့် ရှိ နေတယ်လို့လည်း ကြေညာ ခဲ့ပါတယ်။

အခုလို အမေရိကန် ရဲ့ တရုတ် အပေါ် ကို ပိတ်ဆို့ အရေးယူမှု စတင် အသက် ဝင် လာမယ် ဆိုရင်တော့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွား နိုင်တယ် ဆိုပြီး ကျွမ်းကျင် သူတွေက ထောက်ပြ နေကြပါတယ်။ ခင်ဗျာ