ဥက္ကဋ္ဌ အနားယူနိုင်တဲ့ သတင်း NLD ငြင်းဆို

Image caption ပါတီတွင်းက လူတွေ ပိုပြီး ကြိုးစားကြလို့ တိုးတက်လာမယ်ဆိုရင် စောစော အနားယူရတာပေါ့ လို့သာ ဒေါ်အောင်ဆန်းစုကြည်က ပြော

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနားယူ လိုတယ် လို့ ပြောတာ မဟုတ်ပဲ ပါတီတွင်းက လူတွေ ပိုပြီး ကြိုးစားကြလို့ တိုးတက်လာမယ်ဆိုရင် သူစောစော အနားယူရတာပေါ့ လို့သာ ပြောဆိုခဲ့ပြီး အနားယူ နိုင်တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ဘူးလို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့က ဒု သမ္မတ အဖြစ် ရွေးချယ်ခြင်းခံရတဲ့ ဦးဝင်းမြင့်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် လတ်တလော နေရာ ပြောင်းလဲမှုတွေ ထွက်ပေါ်လာတာ ကလည်း ဗဟိုကော်မတီအတွင်း ပြဿနာ ရှိတဲ့ လက္ခဏာ မဟုတ်သလို ပါတီတွင်း ဥက္ကဋ္ဌ နေရာ အပါအဝင် ပါတီ ဖွဲ့စည်းပုံ အပြောင်းအလဲ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း မဟုတ်မှန်ဘူးလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

NLD ပါတီ အနေနဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ အသက်အရွယ် ရလာပြီ ဖြစ်တဲ့အတွက် သူတို့နေရာမှာ ဝင်ယူနိုင်မယ့် သူတွေ မွေးထုတ်ဖို့ ပါတီတွင်း သွေးသစ်လောင်းရေး ကြိုးစားနေပြီး ပါတီညီလာခံ ကျင်းပဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Image caption ပါတီတွင်း သွေးသစ်လောင်းရေး ကြိုးစားနေ

NLD ရဲ့ ရွေးကောက်ပွဲ ကာလ ကတိကဝတ်တွေ နဲ့ ပတ်သက်ပြီး လက်ရှိ အချိန်မှာ အားမလို အားမရ ဖြစ်တဲ့ သူတွေ ရှိနိုင်ပေမယ့် ပါတီဝင် လွှတ်တော် အမတ်တွေ အနေနဲ့ မတည်နိုင်တဲ့ ကတိတွေကို ပြည်သူတွေကို မပေးဖို့ အစကတည်းက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

NLD အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်နေပြီး မြင်သာတဲ့ အကောင် အထည်ပေါ်လာဖို့ကတော့ အချိန်ကာလ ကြာဦးမယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အားစိုက်ပြီး လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒုသမ္မတ အဖြစ် အရွေးခံထားရတဲ့ ဦးဝင်းမြင့် သမ္မတ ဖြစ်လာခဲ့မယ်ဆိုရင် အစိုးရ အုပ်ချုပ်ရေး ယန္တရား ပိုမို သွက်လက်လာမယ်လို့ မျှော်လင့်ထားပေမယ့် ပါတီနဲ့ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲလုပ်ဖို့ကိုတော့ လိုအပ်လာမှသာ လုပ်ဆောင်သွားမယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ပြောဆိုခဲ့ပါတယ်။