ဆေးမတိုးတဲ့ ကာလသားရောဂါ ပထမဆုံးတွေ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ဥရောပ ရောဂါထိန်းချုပ်ရေး ဌာနတို့က အခု တွေ့ရှိချက်ဟာ ပထမဆုံး ဆေးမတိုးတဲ့ Gonorrhoeaလို့ အတည်ပြုပါတယ်။

လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ဆေးမတိုးတဲ့ Gonorrhoea ကာလသား ရောဂါကို ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဗြိတိန် ကျန်းမာရေး အရာရှိတွေက ကြေညာပါတယ်။

အရင်နှစ်ပေါင်းများစွာကတည်းက ဒီဘက်တီးရီးယားဟာ ဆေးတွေကို ခံနိုင်ရည် ရှိလာလို့ ဆရာဝန်တွေက သတိပေးနေသလို ပဋိဇီ၀ ပိုးသတ်ဆေးတွေကို ယဉ်ပါး သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

ဒီဆေးမတိုးတဲ့ ဂေါ်နိုရီးယား ကာလသားရောဂါကို အရှေ့တောင်အာရှနိုင်ငံတခုမှာ အမျိုးသမီးတဦးနဲ့ လိင်ဆက်ဆံခဲ့ရာကနေ ဗြိတိန် အမျိုးသားက အခုနှစ် အစောပိုင်းမှာ ရရှိခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ဥရောပ ရောဂါထိန်းချုပ်ရေး ဌာနတို့က အခု တွေ့ရှိချက်ဟာ ပထမဆုံး ဆေးမတိုးတဲ့ Gonorrhoeaလို့ အတည်ပြုပါတယ်။

ဓာတ်ပုံ မူပိုင် CAVALLINI JAMES/SCIENCE PHOTO LIBRARY
Image caption Neisseria gonorrhoeae လို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဒီရောဂါ ဖြစ်ပွားခဲ့ပြီး အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင် ကူးစက်နိုင်ပါတယ်။

အင်္ဂလန် လူထု ကျန်းမာရေး ဌာနကတော့ ဒါဟာ ပထမဆုံးကူးစက်မှု ဖြစ်ပြီး ပထမတန်းစား ပဋိဇီ၀ဆေးတွေနဲ့ ကုသလို့မရဘူးလို့ ထုတ်ပြန်ပါတယ်။

ရောဂါပြန့်ပွားမှုမရှိအောင် ဒီအမျိုးသားနဲ့ တခြား လိင်ဆက်ဆံဖော်တွေကိုလည်း ကျန်းမာရေး တာဝန်ရှိသူတွေက လိုက်လံ စုံစမ်းနေ ပါတယ်။

ဒီရောဂါကို ထိရောက်အောင်ကုသနိုင်တဲ့ နောက်ဆုံး ပဋိဇီ၀ ပိုးသတ်ဆေးတမျိုးကို ဆရာဝန်တွေက မျှော်လင့်ချက်တခုအနေနဲ့ စမ်းသပ် နေပြီး ရလဒ်ကို သိရဖို့ တလအကြာ စောင့်ရမယ်လို့ဆိုပါတယ်။

Neisseria gonorrhoeae လို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဒီရောဂါ ဖြစ်ပွားခဲ့ပြီး အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင် ကူးစက်နိုင်ပါတယ်။

ဒီရောဂါ ကူးစက်ခံရရင် ရောဂါလက္ခဏာကို သတိပြုမိဖို့ ခက်ခဲသလို မကုသဘဲ ထားရင် မျိုးဆက် မပွားနိုင်တော့သလို၊ တင်ပဆုံတွေ ရောင်ရမ်းတဲ့ ဝေဒနာတွေ ခံစားရနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။