သမ္မတလာမှာမို့ လေးဂိုးစ်မှာ လမ်းတွေပိတ်ထား

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ Muhammadu Buhari လာမှာမို့ လမ်းအသွားအလာ ပိတ်

နိုင်ဂျီးရီးယားရဲ့ စီးပွားရေး အချက်အချာ မြို့တော် လေးဂိုးစ်မှာ သမ္မတ Muhammadu Buhari ခရီးစဉ်အတွင်း ယာဉ်ကြောပိတ်မှာစိုးလို့ လမ်းအသွားအလာ ပိတ်ထားတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ် နေပါတယ်။

လေဆိပ်ကို သွားတဲ့ လွန်းပျံယာဉ်တွေ သွားလာမှု အပါအဝင် လမ်းတွေ အကုန်လုံးကို ပိတ်ထားခဲ့တာကြောင့် ထောင်သောင်းချီတဲ့ လူတွေဟာ သွားလိုရာဆီ လမ်းလျှောက်ခဲ့ကြရပါတယ်။

လမ်းတွေမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိပါတယ်လို့ ရဲတွေဖက်က အခိုင်အမာ ပြောနေပေမယ့် ၂၁ ရာစုခေတ် အခုလို အချိန်ကြီးမှာ ဒီလို မြို့ပြကြီးတွေမှာ ဘယ်သူ့အတွက်ကြောင့်မှ လမ်းပိတ်တာ မဖြစ်သင့်ဘူးလို့ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တယောက်က ဆိုပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ် သူအာဏာစရကတည်းက ဆိုရင် ပထမဆုံး အကြိမ်အဖြစ် လေးဂိုးမြို့ကို သမ္မတ ဘူဟာရီ လာရောက်တာ ဖြစ်ပြီး ခုခရီးစဉ်အတွင်း ဘတ်စကားလိုင်းကွဲတွေရှိရာ အဝေးပြေးစခန်းကို သူက ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

တဆက်တည်း နိုင်ဂျီးရီးယားနဲ့ ဆိုင်တဲ့ သတင်းတပုဒ်မှာ လွှတ်တော် အမတ်တွေ အနေနဲ့ လစဉ်ရနေကျ အသုံးစရိတ် ဒေါ်လာသုံးသောင်းခြောက်ထောင် မပေးတော့ဘူးလို့ အစိုးရရဲ့ ကော်မရှင် အဖွဲ့တခုက ပြောပါတယ်။

အမတ်တွေရဲ့ လစာနဲ့ ခံစားခွင့် စုစုပေါင်းဟာ တလကို အမေရိကန် ဒေါ်လာ နှစ်ထောင် ခုနှစ်ရာဘဲ ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလ အစောပိုင်းတုန်းက အမတ်တယောက်ရဲ့ ဝင်ငွေ ဘယ်လောက်လဲ ဆိုတာ ပေါ်ထွက်လာခဲ့ပြီးနောက် အငြင်းပွားစရာ ဖြစ်ခဲ့တာပါ။

နိုင်ဂျီးရီးယားမှာ လူတွေ သန်းနဲ့ချီ အလုပ်ကိုင်မဲ့နေပြီး များသောအားဖြင့် လူတယောက်ရဲ့ တလ၀င်ငွေဟာ ဒေါ်လာ တရာတောင် မရှိတဲ့ အခြေအနေ ရောက်နေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ