ယူလီယာ စခရစ်ပဲလ် ကျန်းမာရေး တိုးတက်မှုရှိ

ဓာတ်ပုံ မူပိုင် EPA/ YULIA SKRIPAL/FACEBOOK
Image caption ဖခင်ဖြစ်သူ ဆာဂေး စခရစ်ပဲလ် ( ဝဲ) နဲ့ သမီးဖြစ်သူ ယူလီယာ စခရစ်ပဲလ် ( ယာ )

ဗြိတိန်မှာ ဖခင်ဖြစ်သူနဲ့ အတူ အာရုံကြော ထိခိုက်တဲ့ အဆိပ်နဲ့ တိုက်ခိုက်ခံရလို့ ဝေဒနာ အကြီးအကျယ် ခံစားနေရတဲ့Yulia Skripal ဟာ အခုတော့ လုံး၀ နေကောင်းသွားပြီ လို့ ဆရာဝန်တွေက ပြောပါတယ်။

သူ့ကျန်းမာရေး အလျင်အမြန် တိုးတက်လာခဲ့ပြီး အခုတော့ သတိလည်လာသလို စကားလည်း ပြောနိုင်ပြီလို့ ဆိုပါတယ်။

ဗြိတိန်က ဆော်လ်စ်ဗျူရီ မြို့မှာ ဖခင် ဖြစ်သူ ဆာဂေး စခရစ်ပဲလ် နဲ့ သမီးဖြစ်သူ ယူလီယာတို့ဟာ အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခံရတာကြောင့် အကြီးအကျယ် နာမကျန်း ခဲ့တာ ဖြစ်ပါတယ်။

ဖခင် ဖြစ်သူ ရုရှား သူလျိုဟောင်းဆာဂေး စခရစ်ပဲလ် ကတော့ အရေးပေါ် အခြေအနေမှာဘဲ ရှိနေပါသေးတယ်။

မစ္စတာ စခရစ်ပဲလ်နဲ့ သမီးဖြစ်သူတို့ကို ရုရှားကောင်စစ်ဝန် အရာရှိတွေနဲ့ တွေ့ခွင့်ပေးဖို့ ရုရှား အစိုးရက အကြိမ်ကြိမ်တောင်းဆိုပေမယ့် ဗြိတိန် အစိုးရက ငြင်းနေတဲ့ အပေါ် ရုရှားတို့က ဝေဖန် ပြောဆိုနေပါတယ်။

အမေရိကန်က အခုသီတင်းပတ် အစောပိုင်းတုန်းက ရုရှားသံတွေကို နှင်ထုတ်ခဲ့တဲ့ အတွက်တုန့်ပြန်တဲ့ အနေနဲ့ ရုရှားကလည်း အမေရိကန် သံ၀န်ထမ်း နဲ့ အရာရှိ အယောက် ခြောက်ဆယ် ကို ပြန်လည် နှင်ထုတ်လိုက်ပါတယ်။

အမေရိကန် သံ၀န်ထမ်းတွေ အနေနဲ့ တပတ်အတွင်း ရုရှားနိုင်ငံထဲက ထွက်ခွာရမှာဖြစ်ပြီး စိန့်ပီတာ စဘတ်မြို့က အမေရိကန် ကောင်စစ်၀န်ရုံးကိုလည်း ပိတ်ပစ်မှာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းက ဗြိတိန်က ရုရှားသူလျှိုဟောင်း ဆာဂေး စခရစ်ပဲလ်နဲ့ သမီးဖြစ်သူ တို့အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခံရပြီးနောက် အခုလို သံတမန် အပြန်အလှန် နှင်ထုတ်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု နောက်ကွယ်မှာရုရှားက ကြိုးကိုင်ခဲ့တယ် ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွတ်စွဲချက်အပေါ် နိုင်ငံတကာ ဓါတုလက်နက် အဖွဲ့OPCW က အရေးပေါ် အစည်းအဝေး ခေါ်ယူ ဆွေးနွေးပေးဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပန်ကြားလိုက်ပါတယ်။

အခုလို သူတို့နိုင်ငံက သံတွေကိုနှင်ထုတ်မှုဟာ မတရားဘူးလို့ အမေရိကန်က ဆိုပြီး သူတို့ဖက်ကလည်း ထပ်မံအရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်ချ် ကလည်း စစ်အေးကာလအတွင်းမှာ ဆက်သွယ်ရေး ယန္တယားတွေ ရှိပြီး ၊ မတော်တဆမှုတွေ ၊ မလိုလားအပ်တဲ့ ရန်ငြိုးထားမှုတွေ ရှောင်ရှားနိုင်အောင် ထိန်းချုပ်ရမှာ ဖြစ်သလို ၊ တင်းမာမှုတွေ မြင့်တက်လာရင် ထိန်းရခက်တဲ့ အခြေအနေ မရောက်သွားအောင် လုပ်ဆောင်ကြဖို့ လိုပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ