ထိုင်းက ကားမီးလောင်မှု မြန်မာ ၂၀ သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption မဲ့ထောမြို့နယ်ခွဲ အမျိုးသားဥယျာဉ်နား အရောက်မှာ ကားအောက်ဘက် အလယ်ပိုင်းကနေ စပြီး မီးထလောင် ခဲ့

မတ်လ ၃၀ ရက်နေ့ မနက် ၁ နာရီကျော် အချိန်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ဘန်ကောက်ကို လာတဲ့ ခရီးသည်တင် ဘတ်စ်ကားတစီး မီးလောင်မှု ဖြစ်ခဲ့တဲ့အတွက် ပါလာတဲ့ မြန်မာအလုပ်သမား ၄၇ ဦးထဲက အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၈ ဦးနဲ့ အမျိုးသား ၂ ဦးတို့ ပါဝင်ပြီး ဒဏ်ရာရသူ ၃ ဦး ရှိပေမယ့် ၂၄ ဦးကတော့ လွတ်မြောက်ခဲ့ပါတယ်။

အခုလို ဒဏ်ရာရသူတွေကို တာခ်ခရိုင်ဆေးရုံမှာ ကုသထားပြီး သေဆုံးရသူတွေကိုတော့ စနုလုပ်ခရိုင် ဆေးရုံရဲ့ ရင်ခွဲတိုက်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မဲဆောက်မြို့ကနေ မတ်လ ၂၉ ရက် ည ၁၀ နာရီ လောက်က ထွက်ခွာလာတဲ့ အဲဒီ ကားဟာ တာခ်ခရိုင်က မဲ့ထောမြို့နယ်ခွဲ အမျိုးသားဥယျာဉ်နား အရောက်မှာ ကားအောက်ဘက် အလယ်ပိုင်းကနေ စပြီး မီးထလောင် ခဲ့တာ ဖြစ်ပါတယ်။

Image caption သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၈ ဦးနဲ့ အမျိုးသား ၂ ဦးတို့ ပါဝင်

အခုလို မီးလောင်ရတဲ့ အကြောင်းအရင်းကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ မဲ့ထောရဲစခန်း တာဝန်ကျ ရဲအရာရှိ ဗိုလ်ကြီး ရေဝသ်က ပြောပါတယ်။

ကားပေါ်မှာ ပါလာတဲ့ မြန်မာ အလုပ်သမားတွေဟာ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ သွားခဲ့တာဖြစ်ပြီး ကျန်ရစ်တဲ့ ၂၄ ဦးကို ဘန်ကောက်မြို့ကို ပို့ပေးဖို့ စီစဉ်နေတယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

မသေပဲ လွတ်မြောက်ခဲ့တဲ့ ကားမောင်းသူကို စစ်ဆေးနေပေမယ့် အမှုဖွင့် အရေးယူတာ မရှိသေးပဲ ဖြစ်ပွားတဲ့နေရာမှာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ လုပ်မယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း အခုလိုပဲ မြန်မာ အလုပ်သမားတွေ ပါလာပြီး မဲဆောက်မြို့က ထွက်လာတဲ့ ကားတစီး ဘန်ကောက်အနီး မတော်တဆ ဖြစ်ခဲ့လို့ ပါလာသူ အားလုံး သေဆုံးခဲ့ရပါတယ်။