ဂါဇာ-အစ္စရေးနယ်စပ် ဆန္ဒပြမှုမှာ ပါလက်စတိုင်းတွေ သေဆုံး ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် AFP
Image caption ပါလက်စတိုင်းတွေဘက်ကလည်း အင်အားထောင်နဲ့ချီ ဆက်လက် ဆန္ဒပြနေကြ

ပါလက်စတိုင်းနဲ့ အစ္စရေး နယ်စပ် ဂါဇာဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ မတ်လ ၃၀ ရက်နေ့က ပစ်ခတ်မှုကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး ၇၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ အသက် ၁၆ နှစ် အရွယ် လူငယ်တဦးလည်း ပါဝင်ပြီး အစောပိုင်းမှာ သေဆုံးခဲ့တဲ့ လယ်သမား တဦးကတော့ တင့်ကားနဲ့ အပစ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေဘက်ကလည်း အင်အားထောင်နဲ့ချီ ဆက်လက် ဆန္ဒပြနေကြပြီး အစ္စရေး စစ်တပ်ကတော့ နေရာ ၆ နေရာမှာ ဆူပူမှုတွေ ဖြစ်ခဲ့လို့ လှုံ့ဆော်သူတွေကို ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဘက်ကလည်း ကားတာယာ မီးရှို့တာ၊ နယ်ခြား ခြံစည်းရိုးကို ကျောက်ခဲတွေ၊ လက်လုပ်ဗုံးတွေနဲ့ ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်။

ပါလက်စတိုင်းဒုက္ခသည်တွေ အနေနဲ့ လက်ရှိ အစ္စရေးပိုင် ဖြစ်သွားတဲ့ သူတို့ရဲ့ ယခင် နယ်မြေတွေကို ပြန်လာခွင့် ပေးဖို့အရေး ၆ ပတ်ကြာ ဆန္ဒပြဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်အားတိုးချတာအပြင် လက်ဖြောင့်တပ်သားတွေသာမက တင့်ကားတွေပါ ချထား

အစ္စရေး စစ်တပ်ဟာ ဒီဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့အတွက် အင်အားတိုးချတာအပြင် လက်ဖြောင့်တပ်သားတွေသာမက တင့်ကားတွေပါ ချထားတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုကို ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးတပ်တွေဟာ လယ်သမားကို အရင် သတ်ဖြတ်ပြီး ပါလက်စတိုင်းတွေ ဆန္ဒပြပွဲမှာ မပါရဲအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

မတ်လ ၃၀ ရက်နေ့ဟာ ၁၉၇၆ ခုနှစ်က အစ္စရေး လုံခြုံရေးတပ်တွေရဲ့ မြေသိမ်းမှု ဆန္ဒပြသူ ၆ ဦး သူ သေဆုံးခဲ့တဲ့ နေ့ ဖြစ်တဲ့အတွက် အထိမ်းအမှတ် ဆန္ဒပြပွဲ တွေကို နယ်စပ် ငါးနေရာမှာ ပါလက်စတိုင်းတွေက ယာယီ တဲတွေထိုး ဆန္ဒပြမှုကို အခုလို စတင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၄၈ အစ္စရေးနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း ပါလက်စတိုင်း သိန်းနဲ့ချီပြီး နေရပ် စွန့်ခွာခဲ့ရတဲ့ နက်က်ဘာနေ့ အဖြစ် သတ်မှတ်ထားတဲ့ မေလ ၁၅ ရက်နေ့မှာ အဲဒီ ဆန္ဒပြမှုတွေကို အဆုံးသတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အစ္စရေးနဲ့ ပါလက်စတိုင်း တို့အကြား ၂ ပြည်ထောင်မူနဲ့ ငြိမ်းချမ်းရေး ရဖို့ မလွယ်