၂၃နိုင်ငံက သံတမန်တွေကို ရုရှားက ပြန်နှင်ထုတ်

ဓာတ်ပုံ မူပိုင် EPA
Image caption စိန့်ပီတာ စဘတ်မြို့က သံဝန်ထမ်းတွေ နေရပ်ပြန်ဖို့ ပြင်ဆင်

ရုရှား ကနေ ဗြိတိန် က သံတမန်တွေ ကို အရေးယူတုန့်ပြန်မှု ထပ်တိုးလိုက်တဲ့အပြင် နောက်ထပ် နိုင်ငံ ၂၃ နိုင်ငံက သံတမန်တွေကိုလည်း နိုင်ငံကနေ နှင်ထုတ်တော့မယ်လို့ ကြေညာလိုက်ပါပြီ။

ဗြိတိန်မှာ ရုရှား သူလျှို ဟောင်း တယောက်နဲ့ သူ့သမီး ဖြစ်သူတို့ အာရုံကြောထိခိုက်တဲ့ အဆိပ်နဲ့ ဒီလအစောပိုင်းတုံးက တိုက်ခိုက်ခံရပြီးတဲ့နောက် ရုရှားက သံတမန် တွေကို အနောက်နိုင်ငံတွေက နှင်ထုတ်နေတဲ့ အရေး ကိုတုန့်ပြန်တဲ့အနေနဲ့ ရုရှား ကအခုလို လုပ်နေတာလဲဖြစ်ပါတယ်။

ဗြိတိန်က ဆော်လ်စ်ဗျူရီ မြို့မှာ တိုက်ခိုက်ခံရတဲ့ ဖခင် ဖြစ်သူ ဆာဂေး စခရစ်ပဲလ် နဲ့ သမီးဖြစ်သူ ယူလီယာ စခရစ်ပဲလ်တို့ဟာ ဆေးရုံပေါ်မှာပဲ ရှိနေသေးပြီး ဖခင်ဖြစ်သူ ဆာဂေးရဲ့ ကျန်းမာရေး အခြေအနေကို တည်ငြိမ်အောင်ထိန်းထားနိုင်သလို သမီးယူလီယာ ကတော့ အခြေအနေတွေ တိုးတက်နေပြီလို့ သိထားရပါတယ်။

ဗြိတိန် သံတမန်တွေ က မော်စကို ကနေ လွန်ခဲ့တဲ့ သီတင်းပတ်က ပဲ ထွက်ခွာလာခဲ့ပြီ ဖြစ်ပေမဲ့၊ သံအမတ် လယ်ရီ ဘရစ်စတိုးကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြန်လည်ဆင့်ခေါ်ထားပြီးတော့ နောက်ထပ် အရေးယူတာတွေကို ပြောခဲ့ပုံရပါတယ်။

ရုရှားဘက်ကတော့ သူတို့လုပ်တာ မဟုတ်ကြောင်းထပ်ခါတလဲလဲ ငြင်းပေမယ့် ဗြိတိန်ရဲ့အရေးယူ ဆောင်ရွက်ချက်ကို အနောက်နိုင်ငံတွေ က ပေါင်းစည်းပါဝင်ကြကာ သူတို့နိုင်ငံတွေ က ရုရှား သံတမန်တွေ ကို နှင်ထုတ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားဖက်က တော့ ဗြိတိန်ဟာ ရန်လိုတဲ့လုပ်ရပ်တွေ၊ မဆင်ခြင်တဲ့လုပ်ရပ်တွေ လုပ်နေတယ်လို့ လက်ညှိုးပြန်ထိုးနေပါတယ်။

အခုရုရှအခေါ် စခရစ်ပဲလ် အရေးကြောင့် နိုင်ငံပေါင်း ၂၉နိုင်ငံ က ရုရှ သံတမန် ဝန်ထမ်းပေါင်း ၁၄၅ ယောက်ကို ဗြိတိန်နဲ့အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ က နှင်ထုတ်ပြီးပါပြီ။

ရုရှားဘက်ကတော့ ဗြိတိန်အပြင် အခု ၂၃ နိုင်ငံက သံတမန်တွေကို ပြန်ခိုင်းမယ့်အပြင် နောက်ထပ် ၄ နိုင်ငံက သံတမန်တွေကိုလည်း အရေးယူအုံးမယ်လို့ ဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ