သူလျှို အဆိပ်ခပ်မှု UK နဲ့ ရုရှား တင်းမာမှု အရှိန်မြင့်

ဓာတ်ပုံ မူပိုင် Reuters
Image caption အနောက်နိုင်ငံအများစုကလည်း စုစုပေါင်း ရုရှား သံတမန် ၁၅၀ ကျော်ကို နှင်ထုတ်ခဲ့ကြပြီး ဖြစ်

ရုရှားမှာရှိတဲ့ ယူကေ သံတမန် ၅၀ ကျော် အထိ ထွက်ခွာပေးရမယ်လို့ ရုရှား အစိုးရက မတ်လ ၃၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒါဟာ မတ်လ လေးရက်နေ့က ယူကေနိုင်ငံ ဆော်(စ်)ဘရီမြို့မှာ ရုရှား သူလျှိုဟောင်း ဓာတု အဆိပ်ခပ် ခံရတာနဲ့ ဆက်စပ်ပြီး ဖြစ်လာခဲ့တဲ့ နောက်ဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နောက်ပိုင်းမှာ ယူကေက ရုရှားကို စွပ်စွဲပြီး ရုရှားကလည်း ငြင်းပယ်ခဲ့သလို နောက်ပိုင်းမှာ နှစ်ဖက် အပြန်အလှန် သံတမန် ၂၃ ယောက် နှင်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA/ YULIA SKRIPAL/FACEBOOK
Image caption ရုရှားသူလျှိုဟောင်း ဆာဂေး စခရစ်ပဲလ် အခြေအနေ စိုးရိမ်ရဆဲ၊ သမီးဖြစ်သူ ယူလီယာ စခရစ်ပဲလ် သက်သာလာ

ယူကေနဲ့ နှစ်ဖက် သံတမန် အရေအတွက်ကို တန်းတူဖြစ်အောင် ယူကေ သံတမန် အရေအတွက်ကို လျှော့ရမှာ ဖြစ်ပြီး တလ အချိန်ပေးမယ်လို့ မတ်လ ၃၀ ရက်နေ့ မှာ ရုရှားက ယူကေ သံအမတ် လောရီ ဘရစ်စတိုး သတိပေးခံရ အပြီး အခုလို ရုရှားအစိုးရက ထပ်မံ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အခုလို နှစ်ဖက် သံတမန် အရေအတွက် တန်းတူ ဖြစ်အောင် ညှိမယ်ဆိုရင် နောက်ထပ် ယူကေ သံတမန် ၂၇ ယောက်ကိုသာ နှင်ထုတ်ရမှာ ဖြစ်ပြီး ၅၀ ကျော်အောင် ဒေသခံ ဝန်ထမ်းတွေကို ထည့်သွင်း ထုတ်ပယ် ရနိုင်တယ်လို့ မော်စကိုက ဘီဘီစီ သတင်းထောက် ပေါလ် အက်ဒမ်က ပြောပါတယ်။

ရုရှားသူလျှိုဟောင်း ဆာဂေး စခရစ်ပဲလ်ဟာ ရုရှားက ဖော်ထုတ်ထားတဲ့ နိုဗီချော့ ဓာတုအဆိပ်နဲ့ လုပ်ကြံဖို့ ကြိုးစားခံရတာလို့ ယူကေက ပြောဆိုထားပြီး ဆော်(စ်)ဘရီ ခရိုင် ဆေးရုံမှာ တင်ထားတဲ့ သူ့ရဲ့ အခြေအနေ စိုးရိမ် နေရသေးပေမယ့် အတူတကွ အဆိပ်မိခဲ့တဲ့ သမီးဖြစ်သူ ယူလီယာ စခရစ်ပဲလ်ကတော့ ဆေးရုံမှာ ကုသမှု အခြေအနေ တိုးတက်လာပြီ ဖြစ်ပါတယ်။

ယူကေ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ယူကေ ဘက်က တုံ့ပြန်မှုတခု ပြန်လုပ်နိုင်ပြီး ရုရှား သူလျှို အဆိပ်ခပ် ခံရမှုမှာ ရုရှားက အပြစ်ရှိတယ်ဆိုတာကတော့ ပြောင်းလဲမှု မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စိန့်ပီတာ စဘတ်မြို့က အမေရိကန် သံဝန်ထမ်းတွေ နေရပ်ပြန်ဖို့ ပြင်ဆင်

ယူကေ အစိုးရဘက်က ထောက်ခံတဲ့အနေနဲ့ အမေရိကန်နဲ့တကွ အနောက်နိုင်ငံအများစုကလည်း စုစုပေါင်း ရုရှား သံတမန် ၁၅၀ ကျော်ကို နှင်ထုတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ရုရှားကလည်း မတ်လ ၃၀ ရက်နေ့မှာ သူတို့ကို သံတမန် နှင်ထုတ်ထားတဲ့ နိုင်ငံတွေက သံအမတ်တွေကို ခေါ်တွေ့ပြီး သူတို့လည်း အလားတူ နှင်ထုတ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်ကတော့ အခုလို အနေအထားဟာ စစ်အေးကာလ ဆိုဗီယက်နဲ့ အနောက်နိုင်ငံတွေ တင်းမာခဲ့သလို အခြေအနေမျိုးနဲ့ တော်တော် တူနေပြီလို့ မတ်လ ၂၉ ရက်နေ့က သတိပေးခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက သံတမန်ရေး ဖိအား

မတ်လ ၃၀ ရက်နေ့မှာလည်း ယူကေနိုင်ငံ ဟိသရိုး လေဆိပ်မှာ ရုရှားခရီးသည်တင် လေယာဉ်တစင်း အစစ်ခံရတာနဲ့ ပတ်သက်ပြီး ယူကေဘက်က တရားဝင် အကြောင်းပြချက် ပေးဖို့ ရုရှား အစိုးရက တောင်းဆိုခဲ့ပေမယ့် ယူကေ ဘက်ကတော့ လုံခြုံရေးအတွက် အခုလို နယ်ခြားစောင့် တပ်ဖွဲ့တွေက ရှာဖွေရေး လုပ်နေကျ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့က ယူကေ အနေနဲ့ ရုရှားနိုင်ငံသူ ဖြစ်တဲ့ ယူလီယာ ခရစ်ပဲလ်ကို ရုရှား အစိုးရ ဝန်ထမ်းတွေနဲ့ တွေ့ခွင့်ပေးသင့်ကြောင်း ပြောဆိုထားပေမယ့် ယူကေကတော့ ပြည်တွင်းပြည်ပ ဥပဒေနဲ့တကွ ယူလီယာရဲ့ ဆန္ဒနဲ့ အခွင့်အရေးကိုပါ ထည့်တွက်ပြီး တွေ့ခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ရုရှားဟာ နိုင်ငံတကာ ဓာတုလက်နက် တားဆီးရေး အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမှန်တရား ရှာဖွေဖို့ ကြိုးစားမယ်လို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့က ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MOSCOW DISTRICT MILITARY COURT/TASS
Image caption ယူကေအတွက် သူလျှိုလုပ်ပေး နေခဲ့တဲ့ ဗိုလ်မှူး ဆာဂေး စခရစ်ပဲလ် ထောင်ကျပြီးမှ နှစ်ဖက် မိထားတဲ့ သူလျှိုတွေ လဲလှယ်မှုအတွင်း ပြန်လွတ်ခဲ့

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း ဒီရုရှားသူလျှိုဟောင်း အဆိပ်ခပ်ခံရမှု ကိစ္စကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ရုရှားက အဆိုတင်ခဲ့ပေမယ့် ယူကေ နိုင်ငံက ဗီတို အာဏာ သုံးပြီး ပယ်ချ ခဲ့ပါတယ်။

ယူကေအတွက် သူလျှိုလုပ်ပေး နေခဲ့တဲ့ ဗိုလ်မှူး ဆာဂေး စခရစ်ပဲလ်ရဲ့ လုပ်ရပ်တွေကို ရုရှားအစိုးရက ၂၀ဝ၄ ခုနှစ်မှာ သိရှိသွားပြီး ထောင် ၁၃ နှစ် ကျခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာ နှစ်ဖက် မိထားတဲ့ သူလျှိုတွေ လဲလှယ်မှုအတွင်း အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဌာန အက်ဖ်ဘီအိုင် မိထားတဲ့ သူလျှို ၁၀ ယောက်နဲ့ ရုရှားဘက်က မိထားတဲ့ လေးယောက် လဲလှယ်မှုမှာ ဆာဂေး စခရစ်ပဲလ် ပြန်လွတ်လာပြီး ယူကေနိုင်ငံက ခိုလှုံခွင့် ပေးထားတာ ဖြစ်ပါတယ်။