စာရွက်စာတမ်းမဲ့တွေကို တရားဝင်နေခွင့် မပေးတော့ဘူးလို့ ထရမ့်ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သမ္မတ ထရမ့်နဲ့ ဇနီးဖြစ်သူတို့ကို အီစတာ ပွဲတော်မှာ တွေ့ရပုံ

အမေရိကန် ပြည်ထောင်စု အတွင်းကို ကလေးဘဝ ကတည်း က တရားမဝင် ဝင်ရောက်လာသူတွေ ကို တရားဝင် အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ပေးရေးနဲ့ ပတ်သက်ပြီး အပေးအယူ လုံးဝ မရှိတဲ့ အကြောင်း အမေရိကန် သမ္မတ ထရမ့် က West Palm Beach ရှိ ဘုရားကျောင်းမှာ အီစတာ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ လာရောက်တက်ရင်း သတင်းထောက် တွေ ကို ပြောပါတယ်။

ဒါ့အပြင် မက်ဆီကို အာဏာပိုင်တွေ ဘက် က နယ်စပ် လုံခြုံရေး အပေါ်မှာ ထိန်းချုပ်ဖို့ လုံးဝပျက်ကွက်မှု ရှိတယ် လို့ စွပ်စွဲ လိုက်ပါတယ်။

မက်ဆီကို အစိုးရ အနေနဲ့ နယ်စပ် ကို တာဝန်ယူယင်း အမေရိကန်ကို ကူညီရမှာ ဖြစ်ပေမယ့် အခုတော့ အဲဒီလို ဆောင်ရွက်မပေးတဲ့ အတွက် နှစ်နိုင်ငံ အကြားမှာ စိတ်မကောင်းစရာ တွေ ဖြစ်လာရတဲ့ အတွက် အခုတော့ လူအများအပြား ဟာ DACA အစီအစဉ် ကို အခွင့်အကောင်းယူပြီး ဝင်လာကြလို့ အမေရိကန် ဘက် က စစ်ဆေးမှုတွေ ပြုလာရတာဖြစ်ပါတယ် လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

သူပြောတဲ့ DACA အစီအစဉ် ဆိုတာဟာ ကလေးဘဝ နဲ့ အမေရိကန် ပြည်ထောင်စု ကို တရားမဝင် ဝင်ရောက်လာသူတွေ ကို သမ္မတ အိုဘားမား လက်ထက် က အကာအကွယ်ပေးတဲ့ မူဝါဒ ဖြစ်ပါတယ်။

အဆိုပါ ဒါကာ အစီအစဉ် နဲ့ ဝင်ရောက်လာသူတွေ ထဲမှာ အများစု ဟာ မက်ဆီကိုနိုင်ငံ နဲ့ လက်တင် အမေရိက နိုင်ငံတွေ က ဖြစ်ပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ဒီအစီအစဉ် ကို ပယ်ဖျက် ဖို့ သမ္မတထရမ့် ကြိုးပမ်းခဲ့ပေမဲ့ တရားရေး ဌာန က ခွင့်မပြုခဲ့ဘဲ နောက်ထပ် အသစ်ဝင်လာတဲ့ ကလေးတွေ ကိုတော့ ခံစားခွင့် မပေးတော့တာ ဖြစ်ပြီး ဒီမတ်လ ဆန်း မှာ ဒါကာ ခံစားပိုင်ခွင့် ကို ပြန်လည် အစားထိုးမဲ့ အစီအစဉ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ သမ္မတထရမ့် က အမေရိကန် မက်ဆီကို နယ်စပ်ဟာ အန္တရာယ် များလာတဲ့ အတွက် ကွန်ဂရက် အတွင်းရှိ ရီပတ်ဘလီကင် အမတ်တွေ အနေနဲ့ ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ကို အမြန်ဆုံး ပြဌာန်းဖို့ ပါ တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။