၀င်နီမန်ဒဲလား ဖြတ်သန်းခဲ့တဲ့ ဘ၀ခရီး

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စက် Madikizela-Mandela ကို ၁၉၉၈ တုန်းက တွေ့ရပုံ

တောင်အာဖရိက ရဲ့ လူဖြူ အစိုးရ အုပ်ချုပ်မှု ကို ရဲရဲတောက် တော်လှန် ခဲ့တဲ့ မိခင်ကြီး အဖြစ် တင်စား ကြတဲ့ ဝင်နီ မန်ဒဲလား ဟာ ဧပြီလ ၂ ရက်နေ့ က အသက်၈၁ နှစ်အရွယ် မှာ ကွယ်လွန်ခဲ့ပါပြီ။

သူဟာ နိုင်ငံရေး အရ တက်ကြွလှုပ်ရှားသူဖြစ်ပြီး ရည်မှန်းချက် ကြီးမားသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရှေ့နေလည်းဖြစ်၊ မြေအောက်တော်လှန်ရေး သမား နယ်လ်ဆင် မန်ဒဲလားနဲ့ ၁၉၅၇ခုနှစ် မှာ အိမ်ထောင်ကျချိန် က စလို့ နိုင်ငံရေး နယ်ပယ် ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် သွားခဲ့ပါတော့တယ်။

အထူးသဖြင့် ခင်ပွန်းသည် နယ်လ်ဆင် မန်ဒဲလား ကို လူဖြူအစိုးရ က ထောင်တသက် ချချိန် က စပြီး အေအန်စီ ပါတီ ကို ဦးဆောင်ခဲ့ရင်း တော်လှန် ပုန်ကန်မှု တွေ ပြုခဲ့ လို့ သူကိုယ်တိုင်လည်း ထောင်အကြိမ်ကြိမ် ကျခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့်မို တောင်အာဖရိက သမ္မတ စစ်ရီလ် ရာမာဖိုစာ ကလည်း သူဟာ စိတ်ဓါတ်ပြင်းထန် ခေါင်းမာ သူဖြစ်ပေမဲ့ သန်းနဲ့ချီတဲ့ တောင်အာဖရိက ပြည်သူတွေ ကတော့ လူဖြူ အစိုးရ ရဲ့ လူမဆန်တဲ့ နှိပ်စက် ညှဉ်းပန်းမှု ကို အန်တု သူအဖြစ် လေးစား အားကျ ကြတဲ့ အကြောင်း ပြောပါတယ်။

လူမျိုးရေး နဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင် လှုပ်ရှားတဲ့ တော်လှန်ရေး မှာ သူဟာ မီးရှူးတန်ဆောင် သဘွယ် ကမ္ဘာ့ အသိုင်းအဝိုင်း က အမြဲ အမှတ်ရနေမှာ ဖြစ်တဲ့ အပြင် အသားအရောင်ခွဲခြားတဲ့ စနစ် ဟာ တနေ့ ကျဆုံးမယ် ဆိုတာလည်း သူ့လှုပ်ရှားမှု တွေ က ကမ္ဘာ ကို သက်သေ ပြသခဲ့ပါတယ် လို့မစ္စတာ ရာမာဖိုဆာက ဆိုပါတယ်။

ဒါပေမဲ့ ဝင်နီမန်ဒဲလား ဟာ ခြောက်ပြစ်ကင်း သဲလဲစင် တော့ မဟုတ်ခဲ့ဘဲ လူဖြူအစိုးရ သတင်းပေး အဖြစ် ယူဆသူတွေ ကိုဆိုရင် ပြန်ပေးဆွဲပြီး သတ်ပစ်တဲ့ အမှုမှာ ပါဝင် ပတ်သက်ခဲ့ပြီး သူ့ ပယောဂ နဲ့ ၁၄ နှစ်သား ကို သတ်တဲ့ အမှုနဲ့ လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့်မို့ ဝင်နီမန်ဒဲလား ဟာ ရက်စက်သူ အဖြစ် ထောက်ပြစရာ ရှိခဲ့တဲ့ တိုင်အောင် အခုတော့ တောင်အာဖရိက လွတ်မြောက်ရေး မှာ ပါဝင်ခဲ့တဲ့ သူ့လှုပ်ရှားမှု ကတော့ လေးစားဖွယ် သမိုင်းမှတ်တိုင် အဖြစ် ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ