၂၄ နှစ်သမီးပျောက် ရှာတဲ့အဖေ သမီးနဲ့ ပြန်ဆုံ

ဓာတ်ပုံ မူပိုင် THECOVER.CN
Image caption ပြန်လည်ဆုံစည်းကြစဉ်မှာ

တရုတ်နိုင်ငံမှာ ၂၄ နှစ်လုံးလုံး သမီးပျောက် ရှာပုံတော် ဖွင့်ခဲ့တဲ့ အဖေတယောက် အခုအခါမှာတော့ သမီးနဲ့ ပြန်လည် ဆုံစည်း နိုင်ခဲ့ပါပြီ။

ဝမ်မင်ချင်းတို့ မိသားစုဟာ စီချွမ်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးကပါ။

ဝမ်တို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ ၂၄နှစ် တုန်းကတော့ သစ်သီးတွေ ရောင်းချတဲ့ စျေးသည်တွေ ဖြစ်ပါတယ်။

တရက် သူတို့ရဲ့ လမ်းဘေးဆိုင်လေးမှာ စျေးဝယ်တွေကျနေလို့ အလုပ်ရှုပ်နေခဲ့ပြီး ဝယ်သူတွေ စဲသွားချိန်ကျမှ သမီးလေး ချီဖန်း သူတို့နားမှာ မရှိတော့တာ သတိ ထားမိခဲ့ကြပါတယ်။

ချီဖန်းလေးဟာ အဲဒီတုန်းက ၃ နှစ် အရွယ်ပဲ ရှိပါသေးတယ်။

သမီးကို တနေ့ ပြန်တွေ့ကို တွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဝမ်တို့ လင်မယား နှစ်ယောက် ကျန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး မစွန့်လွှတ် ခဲ့ကြပါဘူး။

သမီးတနေ့ အိမ်ပြန်ရောက်လာလိမ့်မယ် ဆိုတဲ့ ယုံကြည်မှုနဲ့ နောက်သမီးလေး တယောက် ရှိသေးတဲ့ ဝမ်မိသားစုဟာ ချန်ဒူးကနေ တဖဝါးမှ မခွာပဲ နေခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် CFP
Image caption သမီးအရင်းက ပုံပို့လာတော့

တမြို့လုံး အနှံ့ နေရာစုံကို ရောက်နိုင်တဲ့ အငှားယာဉ်မောင်း အလုပ်ကိုသာ လုပ်ရင် သမီးကို ပြန်ရှာ တွေ့ဖို့ ပို အခွင့်အရေး ရှိမယ် ဆိုပြီး အငှားကားမောင်း အလုပ်ရအောင် ဝမ်မင်ချင်း ကြိုးစားခဲ့ပါတယ်။

၂ဝ၁၅ မှာတော့ ဒီဒီ ချူချင်း တက္ကစီ ကုမ္ပဏီမှာ ဝမ်တယောက် ယာဉ်မောင်း အလုပ်ရပါတော့တယ်။

တရက်ရက်မှာတော့ သမီးလေး ကျနော့်ကားပေါ် ၊ ကျနော့်ဘေးနား အတူ လိုက်စီးရစေမယ် ဆိုပြီး ဝမ်မင်ချင်း ပြီးခဲ့တဲ့နှစ်တုန်းကမှ ပြောထားခဲ့တဲ့ စကားသံပါ။

ဝမ်မင်ချင်းဟာ သူ့ ကားရဲ့ နောက်ဘက်မှန်မှာ သမီးပျောက် ကြော်ငြာ အကြီးကြီး ကပ်ပြီး ချန်ဒူးမြို့ အနှံ့ ကားမောင်း နေခဲ့ပါတယ်။

ပျောက်ဆုံးခဲ့တဲ့ ၃ နှစ်အရွယ် သမီးလေး ချီဖန်းရဲ့ ဓာတ်ပုံ မရှိလို့ ရုပ်ချင်းဆင်တဲ့ နောက်သမီး တယောက်ရဲ့ ဓာတ်ပုံနဲ့ လူပျောက် ကြော်ငြာတာ ဖြစ်ပါတယ်။

ဝမ်ရဲ့ မနေမနား ကြိုးစားမှုကို တရုတ်ပြည်တွင်း မီဒီယာက သတိထားမိ လာကြပါတယ်။

ဓာတ်ပုံ မူပိုင် CFP
Image caption ပြန်တွေ့တဲ့ သမီးနဲ့ စကားပြောမဝနိုင်

အနှစ် နှစ်ဆယ်ကျော် အစိတ်နီးပါး ပျောက်ဆုံး နေဆဲ ဖြစ်ပေမယ့် လက်မလျှော့ဘူး၊ တမိသားစုလုံး သမီးလေးကို လွမ်းဆွတ် နေပါတယ် ဆိုပြီး ဝမ်က ဒေသခံ သတင်းဌာန တခုကို ပြောခဲ့ပါတယ်။

ဝမ်ရဲ့ သမီးပေျာက် ရှာပုံတော် သတင်းကို သတိထားမိတဲ့ ရဲတွေအတွက် ပုံတူရေးဆွဲပေးတဲ့ ပန်းချီဆရာကလည်း ဝမ်မိသားစုကို ကူညီတဲ့ အနေနဲ့ ပျောက်နေတဲ့ ချီဖန်းပုံကို ဆွဲပေးခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံဟာ အင်တာနက် အွန်လိုင်း တခွင်ပေါ် ရောက်လာခဲ့တဲ့ နောက် အခုနှစ် အစောပိုင်းမှာတော့ ပျောက်နေတဲ့ သမီး ချီဖန်းက ဝမ်ကို ဆက်သွယ်လာပါတော့တယ်။

အခုတော့ သူ့နာမယ်က ချီဖန်း မဟုတ်ပါဘူး၊ ကန်ယင်း ပါတဲ့။

ဓာတ်ပုံ မူပိုင် THECOVER.CN
Image caption မိသားစု အမှတ်တရပုံရိုက်ကြ

အင်တာနက်ပေါ်က လူပျောက် ဓာတ်ပုံက သူနဲ့ တူလွန်းလို့ အံ့ဩပြီး ဆက်သွယ်လာတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဒီအင်အေ စစ်ကြည့်တဲ့ အဆင့် ရောက်လာပြီး ကန်ယင်းဟာ ဝမ်မိသားစုက ပျောက်နေတဲ့ သမီး ချီဖန်းဆိုတာ အတည်ပြုလာနိုင်ပါတယ်။

ဧပြီ ၃ ရက်နေ့မှာတော့ မိသားစုတွေ ပြန်လည် ဆုံစည်း ခဲ့ကြပါပြီ။

ဓာတ်ပုံ မူပိုင် THECOVER.CN
Image caption ဝမ်းသာတဲ့ မျက်ရည်တွေ မဆည်နိုင်

ဝမ်းသာတဲ့ မျက်ရည်တွေ မဆည်နိုင် ၊ တယောက်နဲ့ တယောက် တင်းတင်းကျပ်ကျပ် ဖက်နေကြတဲ့ သူတို့ရဲ့ ပုံတွေဟာ မြင်ရသူ အပေါင်းကိုလည်း စိတ်နှလုံး ကြည်နူးဖွယ်ရာ ဖြစ်စေပါတယ်။

ချန်ဒူးနားက မြို့လေး တစ်မြို့မှာ ကြီးပြင်းလာခဲ့တဲ့ ကန်ယင်းဟာ ၃ နှစ်သမီး အရွယ် ချီဖန်း ဘဝတုန်းက ဘယ်လို ပျောက်သွားတာလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။

ဆက်စပ် အကြောင်းအရာများ