ဇာတ်သဘင် အဖွဲ့ကား ချောက်ထဲ ထိုးကျပြီး လူ ၆ဦးသေ

ဓာတ်ပုံ ရင်းမြစ်, NARINJARA
ဂွမြို့နယ်မှာ ပွဲကအပြီး ဧရာဝတီတိုင်း ငသိုင်းချောင်းဘက်ကို အလာ ဇာတ်သဘင်ကား ချောက်ထဲ ထိုးကျ
ဧပြီလ ၂ရက်က ရခိုင်ပြည်နယ် ဂွမြို့နယ် ကြွေချိုင်ကျေးရွာကနေ ပွဲကအပြီး ဧရာဝတီတိုင်း ငသိုင်းချောင်းဘက်ကို မောင်းနှင်လာတဲ့ အောင်စန်းပွင့် ဇာတ်သဘင် အဖွဲ့ရဲ့ ကားဟာ ရိုးလမ်းပေါ်မှာ ချောက်ထဲကို ထိုးကျသွားခဲ့ရာမှာ လူ၆ဦး သေဆုံးပြီး လူ၂၀ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
ညနေ ၆နာရီ ကျော်လောက်က ဇာတ်ကားစာ ဗေဒါဂိတ် အကျော် ဂွမြို့က ၂၇ မိုင်အကွာမှာ အဲဒီကား ချောက်ထဲ ထိုးကျသွားခဲ့ပြီး အမျိုးသမီး၅ ဦး၊ အမျိုးသား တစ်ဦး အပါအဝင် စုစုပေါင်း လူ၆ ဦး သေဆုံးခဲ့တယ်လို့ ဂွမြို့မ ရဲစခန်းက ရဲအရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ပြဇာတ်မင်းသမီး ယုယဖြိုးနဲ့ မင်းသမီးခြူးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေကို ဂွမြို့နယ်ဆေးရုံ၊ ရေကြည်ဆေးရုံ၊ ငသိုင်းချောင်း ဆေးရုံတို့မှာ တင်ထားရပြီး ဒဏ်ရာ ပြင်းထန်တဲ့ သူတွေကိုတော့ ရန်ကုန်ဆေးရုံကြီးကို ခေါ်ဆောင်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း အလှသစ် မန္တလေး ဇာတ်အဖွဲ့ရဲ့ကား ရှမ်းပြည်နယ်မှာ တိမ်းမှောက်ခဲ့ပြီး ဇာတ်အဖွဲ့သား ၇ ဦး သေဆုံးခဲ့ပါတယ်။
ဂွကနေ ဧရာဝတီတိုင်းကို သွားတဲ့ အဲဒီလမ်းဟာ ကျဉ်းပြီး မတ်စောက်တဲ့အတွက် ခုလို ကုန်တန်ရှိန် များတဲ့ ဇာတ်ကားတွေ သွားဖို့ အန္တရာယ်ရှိတဲ့ လမ်းတလမ်းလည်း ဖြစ်ပါတယ်။
လမ်းမကောင်းတဲ့ အတွက် မတော်တဆ ကားတိမ်းမှောက်တဲ့ အဖြစ်မျိုးတွေလည်း ရှိနေပြီး ဇာတ်သဘင်ကားတွေပေါ်မှာ လူနဲ့ဝန်ကို မတန်တဆ တင်ရာကနေ မတော်တဆ ဖြစ်တာမျိုးလည်း မကြာခဏ ဖြစ်လေ့ ရှိပါတယ်။
ကကြေး အရနည်းတဲ့ ဇာတ်အဖွဲ့တွေအနေနဲ့ စရိတ် ချွေတာတဲ့အနေနဲ့ လူနဲ့ ဝန်ကို ကားတစင်းတည်း မတန်တဆ တင်နေကြတဲ့ အတွက် အခုလို မတော်တဆ ဖြစ်ရပ်တွေ ဖြစ်နေကြောင်း၊ ဖြစ်နိုင်ရင် လူသတ်သတ် ဝန်သတ်သတ် ကားတစင်းစီ တင်ဆောင်သင့်ကြောင်း မြန်မာသဘင် အစည်းအရုံး ပြန်ကြားရေး တာဝန်ခံ ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။