ယူကေက ဇာတ်လမ်းထွင် ပြောနေတယ်လို့ ရုရှားစွပ်စွဲ

Image caption ထရီဇာမေရဲ့ ဆိုးရွားတဲ့ စွပ်စွဲချက်တွေ ဆိုပြီး ရုရှား သံအမတ် ပြော

ရုရှား သူလျှိုဟောင်း တိုက်ခိုက် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ယူကေ ပြောဆို စွပ်စွဲ နေတာတွေဟာ မီးနဲ့ကစား သလို ဖြစ်နေတယ် လို့ ရုရှားက သတိပေး လိုက်ပါတယ်။

ဒါ့အပြင်၊ ယူကေဟာ အလိမ်အညာ ဇာတ်လမ်း တီထွင် ပြောဆို ခဲ့တယ်လို့လည်း ရုရှားက ပြင်းပြင်းထန်ထန် စွပ်စွဲ ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ရုရှား သံအမတ် ဗစ်ဆေးလီ နာဘင်ဂျရာက အခုလို ပြောဆို ခဲ့တာပါ။

ယူကေနိုင်ငံထဲမှာ ရုရှား သူလျှိုဟောင်း ဆာဂေး ဆကရီပဲလ် တိုက်ခိုက် ခံခဲ့ရမှုရဲ့ နောက်ကွယ်မှာ ရုရှား အစိုးရ ရှိနေတယ် ဆိုပြီး ယူကေရဲ့ ပြောဆိုမှုတွေ အပေါ် ရုရှားက ဒေါသတကြီး ထပ်မံ ပယ်ချ ရင်းမှာပဲ ၊ အခုလို တန်ပြန် ရှုတ်ချ ပြောဆို လိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီတွင်း အထူး တွေ့ဆုံကြဖို့ ရုရှားက အစည်းအဝေး ခေါ်ယူ ခဲ့ပါတယ်။

Image caption ရုရှားကြောင့် ကမ္ဘာကြီးရဲ့ လုံခြုံမှု ပျက်ယွင်းနေ

ကုလသမဂ္ဂ ဆိုင်ယာ ဗြိတိန် အမျိုးသမီး သံအမတ် ကာရင် ပီးယာ့စ်ကတော့ ရုရှားကြောင့် ကမ္ဘာကြီးရဲ့ လုံခြုံမှု ကင်းမဲ့ ပျက်ယွင်း နေစေတယ် ဆိုပြီး တုံ့ပြန် ပါတယ်။

"ကျွန်မတို့ဆီက ဆောလ်စ်ဘရီမြို့မှာ ဘာတွေ ဖြစ်ပျက် ခဲ့သလဲ ဆိုတာ ကျွန်မတို့ဘက်က မျက်ကွယ်ပြု မထားနိုင်သလို၊ ဆောလ်စ်ဘရီမှာရော ဆီးရီးယားထဲမှာရော ဓာတု လက်နက် အသုံးပြုမှုကို ရုရှားက မသိကျိုးကျွံ ပြုနေတာကိုလည်း ကျွန်မတို့ ဒီတိုင်း ကြည့် မနေနိုင်ဘူး" ဆိုပြီး မစ္စ ပီးယားစ် က ပြောခဲ့ပါတယ်။

မစ္စတာ ဆကရီပဲလ်ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူကေ ဘက်က ပြောနေတဲ့ နိုဗီချော့လ် အာရုံကြော အဆိပ်ငွေ့ ရုရှား နာမည်နဲ့ ဖြစ်ပေမယ့်၊ ရုရှား တစ်နိုင်ငံတည်းရဲ့ မူပိုင်လို့ ပြောလို့ မရနိုင်ဘူး၊ ဒီ အဆိပ်ငွေ့ကို လိုက်ပြီး ထွင်ထားတဲ့ ဒီ့ပြင်နိုင်ငံတွေ အများအပြား ရှိတယ်လို့ ရုရှား သံအမတ်က ပြောပါတယ်။

Image caption စကရီပဲလ် သားအဖ အတိုက်အခိုက် ခံ

ဒီ ကိစ္စမှာ အမေရိကန်ရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ လုံခြုံရေးကောင်စီကို ရုရှားက နိုင်ငံရေး အလို့ငှာ အသုံးချ နေတယ်ဆိုပြီး အမေရိကန် ကိုယ်စားလှယ် ကယ်လီ ကာရီက ပြောသွားပါတယ်။

ရုရှားသူလျှိုဟောင်း အတိုက်အခိုက် ခံခဲ့ရမှုကြောင့် အနောက်အုပ်စုနဲ့ ရုရှားကြား သံတမန် တင်းမာမှုတွေ နောက်ဆက်တွဲ ပေါ်ပေါက် နေခဲ့ရာမှာ ၊ ရုရှားနိုင်ငံကနေ နှင်ထုတ်ခံထားရတဲ့ အမေရိကန် သံအမှုထမ်း အယောက် ၆ဝ ဟာ ဧပြီလ ၅ ရက် နေ့ကပဲ အိမ်ပြန် ခဲ့ကြရပြီ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအပေါ် ပူးတွဲ စုံစမ်းကြရအောင် ဆိုပြီး မော်စကိုအစိုးရရဲ့ တောင်းဆိုမှု ရှိနေပေမယ့် နိုင်ငံတကာ ဓာတု လက်နက်က တားဆီးရေး အဖွဲ့က အဲဒီ တောင်းဆိုမှုကို ပယ်ချ ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သံတမန်ရေး အရ အရေးယူခံနေရတဲ့ ရုရှား