ကိုရီးယားနှစ်ဘက် ခေါင်းဆောင်ပိုင်း ဖုန်းလိုင်းချိတ်မယ်

ဓာတ်ပုံ မူပိုင် EPA
Image caption လာမယ့် ဧပြီလ ၂၇ ရက် မှာ နှစ်ဘက် ခေါင်းဆောင်တွေ နယ်စပ် ပမ်းမွန်းဂျုံး ရွာမှာ ထိပ်သီး အစည်းအဝေးလုပ်မယ်

တောင်နဲ့ မြောက်ကိုရီးယားတို့ ခေါင်းဆောင် ၂ ယောက် တိုက်ရိုက် စကားပြောနိုင်မယ့် အရေးပေါ် ဖုန်းလိုင်း ပထမဆုံး ထားရှိဖို့ ကိစ္စအတွက် ဧပြီလ ၇ ရက်မှာ နှစ်ဖက် ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ထားရှိမယ့် ဖုန်းလိုင်းဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာရှိတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်က သမ္မတ မွန်ဂျေအင်းတို့ရဲ့ ရုံးခန်းတွေကို ပထမဆုံး ချိတ်ဆက်မယ့် ဖုန်းလိုင်းလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ပမ်းမွန်းဂျုံး ရွာမှာတော့ နှစ်ဖက် စစ်ရေးကင်းမဲ့ဇုံကို ဖြတ်ပြီး မီတာ တရာအောက်သာ ခြားတဲ့ အကွာအဝေး နှစ်ခုကို ချိတ်ထားတဲ့ အရေးပေါ် ဆက်သွယ်ရေး ဖုန်းလိုင်း ရှိပြီးသား ဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၂၇ ရက် မှာတော့ နှစ်ဘက် ခေါင်းဆောင်တွေ ဖြစ်တဲ့ မစ္စတာ ကင်နဲ့ မစ္စတာ မွန်တို့ဟာ အဲဒီ ပမ်းမွန်းဂျုံး ရွာမှာ ထိပ်သီး အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပြီး ဒီလို မတွေ့ခင်မှာ အဲဒီဖုန်းလိုင်းကို အသုံးပြုမှာ ဖြစ်ပါတယ်။

အခုလို တောင် မြောက် ထိပ်သီး အစည်းအဝေး အစီအစဉ်ဟာ မတ်လ နောက်ဆုံးပတ် အတွင်းက မစ္စတာ ကင်ဂျုံအွန်းက တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ တွေ့ဆုံအပြီး ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ နှစ်ဘက် ပူးတွဲ ကြေညာချက်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ကင်ဂျုံအွန်းက တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ တွေ့ဆုံအပြီး တောင် မြောက် ထိပ်သီး အစည်းအဝေး အစီအစဉ် ထွက်ပေါ်လာ

ဒီတွေ့ဆုံမှုဟာ ၁၉၅၃ မှာ ကိုရီးယားစစ်ပွဲ စစ်ပြေငြိမ်းကြောင်း လက်မှတ်ထိုးပြီးနောက်ပိုင်း နှစ်ဖက် ခေါင်းဆောင်တွေ သုံးကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ယခင် နှစ်ကြိမ်ကတော့ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီက ၂၀ဝ၀ ပြည့်နှစ်မှာ တောင်ကိုရီးယား သမ္မတ ကင်ဒေးဂျုံနဲ့ ပြုံယမ်းမြို့အတွင်း တွေ့ဆုံမှုနဲ့ ၂၀ဝ၇ ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ နိုမူဟွန်းနဲ့ ပြုံယမ်းမြို့မှာပဲ တွေ့ဆုံမှု တို့ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လုပ်ခဲ့တဲ့ ပြုံချမ်း ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ တောင်နဲ့ မြောက် ကိုရီးယား အားကစားသမားတွေ ကိုရီးယား ကျွန်းဆွယ်ပုံ အလံအောက်မှာ ချီတက်ခဲ့တဲ့ အချိန်က စလို့ နှစ်ဖက် ဆက်ဆံရေး ပြေလည်လာတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ တရက်မှာလည်း ပြုံယမ်းကို လာရောက် ဖျော်ဖြေတဲ့ တောင်ကိုရီးယား အနုပညာရှင်တွေရဲ့ ပွဲကို မစ္စတာ ကင်ဂျုံအွန်းက ပထမဆုံး လာရောက် အားပေး ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် ဆက်ဆံရေးဟာလည်း တောင်ပိုင်းနဲ့ အဆင်ပြေမှုတွေနဲ့အတူ တိုးတက်နေပြီး မေလအတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ မစ္စတာ ကင်ဂျုံအွန်းတို့တွေ့ဆုံဖို့ နှစ်ဘက် သဘောတူ ထားပါတယ်။

အခုလို တွေ့ဖြစ်ဖို့အတွက် တရုတ်သမ္မတ ရှီဂျင်ပင်းက သတင်းစကား ပါးခဲ့တယ်လို့ မစ္စတာ ထရမ့်က တွစ်တာမှာ ပြောဆိုထားပြီး မြောက်ကိုရီးယား စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုတွေကိုတော့ ဆက်ပြီး ထိန်းထားရ ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မဟုတ်ပဲ မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာတာကြောင့်လို့ မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားဘက်ကတော့ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်လာတာဟာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မဟုတ်ပဲ မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာတာကြောင့်သာ ဖြစ်တယ်လို့ သူတို့ရဲ့ နိုင်ငံပိုင် ကိုရီးယား ဗဟို သတင်းဌာနရဲ့ ခေါင်းကြီးပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကပဲ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတာကို ရှောင်ကွင်းဖို့ ကူညီတဲ့ မြောက်ကိုရီးယား ရေကြောင်း ကုန်ပို့ရေး ကုမ္ပဏီ ၁၆ ခု အပါအဝင် ကုမ္ပဏီ ၂၁ ခု၊ သင်္ဘော ၂၇ စင်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀ဝ၆ ခုနှစ်မှာ နျူးကလီးယားဗုံး စမ်းသပ်ခဲ့တဲ့ အချိန်ကစလို့ နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်မှုတွေ လုပ်လာတာ ဖြစ်ပြီး ပြည်ပပို့ကုန် အများစုကို ပိတ်ပင်ထားသလို ပြည်တွင်း ရေနံ တင်သွင်းမှု ကိုလည်း ကန့်သတ် ခံထားရတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်နဲ့မြောက်ကိုရီးယား စစ်ရေး ကိစ္စ ဆွေးနွေးမယ်