ဓာတု ဓာတ်ငွေ့ တိုက်ခိုက်မှု ကန်ဝေဖန်

ဆီးရီးယား, ဓာတုဓာတ်ငွေ့သုံး,

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတုဓာတ်ငွေ့အဆိပ်သင့် ကလေးငယ်တဦး ကုသမှု ခံယူနေရတဲ့ပုံ

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဆီးရီးယားက ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုဟာ အဆင်ခြင်မဲ့ လုပ်ရပ်ဆိုပြီး ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်နဲ့ တကွ သူ့ကို ကျောထောက် နောက်ခံ ပေးနေတဲ့ ရုရှားသမ္မတ ပူတင်နဲ့ အီရန်နိုင်ငံတို့ကို အပြစ်တင်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကြီးကြီးမားမား ပေးဆပ်ရမယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ သံသယဖြစ်ဖွယ် ဓာတ်ငွေ့သုံး တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၀ လောက် သေဆုံးခဲ့ရတယ်လို့ အကူအညီပေးရေးလုပ်ငန်း ဆောင်ရွက်နေသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူပုန်တွေ ထိန်းချုပ်ထားတဲ့မြို့ဖြစ်တဲ့ အရှေ့ပိုင်း ဂူတာက ဒူမာဆိုတဲ့အရပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတာပါ။

အကူညီပေးရေးလုပ်သားတဦးဖြစ်တဲ့ ဦးထုပ်ဖြူရဲ့ တွစ်တာမှာဆိုရင် မြေအောက်ခန်းထဲမှာ လူတွေအများအပြား သေဆုံးနေတဲ့ပုံကို တင်ထားပြီး သေဆုံးသူအရေအတွက် ဆက်လက် များပြားဖွယ်ရှိတယ်လို့လည်း ရေးသားထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ တပ်တွေက ဒူမာမြို့ကို သိမ်းဖို့ ကြိုးစားနေချိန်မှာ အခုလို ဖြစ်

ဆီးရီးယားအစိုးရနဲ့ ရုရှားကတော့ အဲဒီလို ဓာတု ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ ရုရှားအနေနဲ့ ဆီးရီးယား စစ်ပွဲမှာ ဆီးရီးယားအစိုးရဘက်က ဝင်တိုက်နေတာဟာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ကိစ္စဖြစ်ပြီး တကယ်လို့ ဓာတုလက်နက်တွေ သုံးခဲ့ပြီး လူတွေ အများကြီး သေခဲ့တယ်ဆိုရင် တာဝန်ယူသင့်တယ် လို့လည်း ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ ယုံကြည်ရပြီး သေဆုံးသူ အရေအတွက် အဲဒီထက်များနိုင်တယ်လို့လည်း ဆိုပါတယ်။ တချို့ ကျန်းမာရေး အကူညီပေးရေး လုပ်နေတဲ့သူတွေ ၊ လေ့လာစောင့်ကြည့်သူတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက် တွေမှာတော့ ဓာတုတိုက်ခိုက်မှုကို အသေးစိတ် ဖော်ပြထားပြီး ဖြစ်ပျက်မှုဆိုင်ရာ အချက်လက်တွေဟာ ခြားနားနေပါတယ်။

ဗီဒီယို ပုံစာ,

ဆီးရီးယားမှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့သလား

အတိုက်အခံတွေဘက်ကို ယိမ်းတဲ့ ဂူတာမီဒီယာစင်တာကတော့ ၇၅ ဦးထက်မနည်း ဓာတုအဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ပြီး အဲဒီဓာတ်ငွေ့ရဲ့ အကျိုးသက်ရောက်မှုဟာ အနည်းဆုံး လူတထောင်အထိ သက်ရောက်ခဲ့ဖွယ် ရှိတယ်လို့ ဖော်ပြထားတာပါ။

ရဟတ်ယာဉ်ပေါ်က ကျဲချခဲ့တဲ့ဗုံးမှာ ဆာရင်းလို့ ခေါ်တဲ့ အကြောတွေကို ပျက်စီးအဆိပ်သင့်စေတဲ့ အငွေ့တွေပါဝင်နေတယ် လို့လည်း အပြစ်တင် ဝေဖန်မှုတွေ ရှိနေပါတယ်။