နျူးကလီးယားအရေး ဆွေးနွေးရန် မြောက်ကိုးရီးယား အသင့်ရှိ

ဓာတ်ပုံ မူပိုင် AFP/Getty images
Image caption မေလမှာ ဆွေးနွေးမှာဖြစ်ပေမဲ့ မြောက်ကိုးရီးယားဘက်က အခုထိ တရားဝင်မထုတ်ပြန်သေး

မြောက်ကိုးရီးယားနဲ့ အမေရိကန်တို့အကြား ပြုလုပ်မဲ့ ဆွေးနွေးပွဲမှာ နျူးကလီးယားအရေး ဆွေးနွေးဖို့ မြောက်ကိုးရီးယားဘက်က အသင့်ရှိတယ်လို့ မြောက်ကိုးရီးယားဘက်က ပြောကြောင်း အမေရိကန်ဘက်က ပြောပါတယ်။ ထိပ်သီးခေါင်းဆောင်အချင်းချင်းအကြား ဆွေးနွေးနိုင်ဖို့အတွက် အခုအခါမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လျှို့ဝှက်ဆွေးနွေးမှုတွေနဲ့ တိုက်ရိုက်ပြောဆို ဆွေးနွေးမှုတွေ ပါဝင်တယ်လို့ ထရမ့်အစိုးရအဖွဲ့က သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

အမေရိကန်နဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တို့ဟာ တခြားနိုင်ငံတခု အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတထရမ့်နဲ့ သမ္မတ ကင်ဂျုံအွန်း တို့ရဲ့ ဆွေးနွေးပွဲကို မေလမှာ ပြုလုပ်ဖို့ သတ်မှတ်ထားတာပါ။

အမေရိကန် သမ္မတနဲ့ မြောက်ကိုးရီးယား သမ္မတတို့အကြား ဆွေးနွေးမှုဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးမှု ဖြစ်လာမှာပါ။

ဆွေးနွေးမဲ့နေရာ အစီအစဉ်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုးရီးယားဘက်ကတော့ သူတို့အနေနဲ့ နျူကလီးယား လျှော့ချရေးအတွက် ပြင်ဆင်ထားကြောင်း တောင်ကိုးရီးယားနဲ့ ဆွေးနွေးစဉ် ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်ဟာ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးပြီး အာမခံချက် ရယူနိုင်ရေးအတွက် ပထမဆုံးအကြိမ်တွေ့ဆုံဖို့ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ မြောက်ကိုးရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေကို လက်လျှော့စွန့်လွတ်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး မြောက်ကိုးရီးယားဘက်ကတော့ ကိုးရီးယားကျွန်းဆွယ်မှာ ရှိနေတဲ့ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာဖို့ မကြာခဏတောင်းဆိုမှုတွေ ရှိခဲ့တာပါ။

အခုလို ဆွေးနွေးပွဲဖြစ်လာမယ့်အကြောင်း ပြောဆိုနေပေမဲ့ မြောက်ကိုးရီးယားဘက်ကတော့ တစုံတရာ လူသိရှင်ကြား ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ မြောက်မြားစွာသော အကြို ဆွေးနွေးမှုတွေနဲ့အတူ ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေအပေါ် ရေမြေခြားနေတဲ့ နိုင်ငံရပ်ခြားခေါင်းဆောင်တွေဘက်က အကြံပြုမှုတွေ ရှိနေတဲ့အတွက် ပြင်ဆင်မှုတွေဟာ အတန်အသင့် ပြီးစီးနေပြီ ဖြစ်ပါတယ်။

မစ္စတာ ကင်ဂျုံအွန်း ဟာ အမေရိကန်အစိုးရနဲ့ မဆွေးနွေးခင် ပြီးခဲ့တဲ့ မတ်လတုန်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်ဟာ ပြုံးယမ်းအတွက် စီးပွားရေးအရ အဓိက ဆက်ဆံရတဲ့ နိုင်ငံဖြစ်သလို အမေရိကန်နဲ့ မဆွေးနွေးခင် တရုတ်ကို သွားရောက်မှုဟာ မြောက်ကိုးရီးယား အမေရိကန် ဆွေးနွေးပွဲအတွက် တရုတ်နဲ့ အပြန်အလှန်ညှိနှိုင်းကြတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ