ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှု UK စွပ်စွဲခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption UK ပါဝင်ပတ်သက်နေသလို ဆီးရီယား အကူအညီပေးရေး ခမောက်ဖြူ အဖွဲ့ the White Helmets လည်း ပါဝင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က စွပ်စွဲ

ဆီးရီးယားက ဓာတုလက်နက် တိုက်ခိုက်မှုဟာ နိုင်ငံတနိုင်ငံရဲ့ ထောက်လှမ်းရေးက ဇာတ်လမ်းဆင် ထားတာ ဖြစ်ပြီး UK နိုင်ငံလည်း ပါဝင်ပတ်သက်နေသလို ဆီးရီယား အကူအညီပေးရေး ခမောက်ဖြူ အဖွဲ့ the White Helmets လည်း ပါဝင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဧပြီလ ၁၃ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။

အခုလို ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို ဇာတ်တိုက်ပြီး လိမ်လည်ခဲ့တာ ဖြစ်ကြောင်း ငြင်းလို့ မရတဲ့ သက်သေ ရှိတယ်လို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့က အစောပိုင်းမှာ ပြောခဲ့ပေမယ့် နိုင်ငံ နာမည်ကိုတော့ ထည့်မပြောခဲ့ပါဘူး။

ဒါဟာ ရုရှားကို ကြောက်လန့်စရာ အဖြစ် ပုံဖော်ရေး စီမံကိန်းတခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ UK ကိုယ်စားလှယ်ကတော့ ဒါဟာ ရွံရှာစရာ ဗြောင်လိမ်မှု တခု ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယားနဲ့ အနောက်အုပ်စုတွေကြား တင်းမာမှု

ကုလသမဂ္ဂ အတွင်းရေမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ရှုပ်ထွေးနေတဲ့အပြင် အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေး တိုက်ပွဲ ပုံစံမျိုး အပြန်အလှန် တုံ့ပြန်မှုတွေ ရှိလာပြီး တာဝန်ယူမှု ရှိရှိနဲ့ ကိုင်တွယ်ကြဖို့ ရုရှားက ဧပြီလ ၁၃ ရက်နေ့မှာ ခေါ်ယူတဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နဲ့ အမေရိကန် တို့က ဒီတိုက်ခိုက်မှု တကယ်ဖြစ်ခဲ့ကြောင်း သက်သေရှိတယ်လို့ ပြောဆိုထားပြီး UK နဲ့ အတူ ဆီးရီးယားကို စစ်ရေးအရ အပြစ်ပေးဖို့ စဉ်းစားနေတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ရုရှားကတော့ သူတို့ တပ်တွေချထားတဲ့ ဆီးရီးယားကို အနောက်နိုင်ငံတွေက လေကြောင်း တိုက်ခိုက်လာရင် နှစ်ဖက် စစ်ပွဲ ဖြစ်လာနိုင်ချေ ရှိတယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ဆီးရီးယားအရေး စွက်ဖက်မှုကို တရားကြောင်း ပြဖို့အတွက် ဒီ ဓာတုတိုက်ခိုက်မှုကို တမင် ဆွပြီး ဖန်တီးတာလို့လည်း ရုရှားဘက်က ပြောဆိုထားပြီး စစ်ဖြစ်လာမယ့် အန္တရာယ်ကို တားဆီးဖို့က အဓိက ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားကတော့ သူတို့ တပ်တွေချထားတဲ့ ဆီးရီးယားကို အနောက်နိုင်ငံတွေက လေကြောင်း တိုက်ခိုက်လာရင် နှစ်ဖက် စစ်ပွဲ ဖြစ်လာနိုင်ချေ ရှိတယ်လို့ သတိပေးထား

ဆီးရီးယားက ဓာတုလက်နက် တိုက်ခိုက်မှုကို စစ်ဆေးဖို့အတွက် နိုင်ငံတကာ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့က ဧပြီလ ၁၃ ရက်နေ့မှာ သွားရောက်ခဲ့ပြီး နောက်တရက်မှာ စစ်ဆေးမှာ ဖြစ်ပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် ခရီးစဉ် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ဆီးရီးယားနိုင်ငံ ဂူတာ အရှေ့ခြမ်းဒေသမှာရှိတဲ့ ဒူမာ မြို့အတွင်း ဓာတုလက်နက် အသုံးပြုတာလို့ သံသယ ရှိခံရတဲ့ တိုက်ခိုက်မှုကြောင့် လူတွေ ဒါဇင်နဲ့ ချီပြီး သေဆုံးခဲ့တယ်လို့ သတင်းပေးပို့မှုတွေ ရှိခဲ့ပြီး ဒါကို ဆီးရီးယား အစိုးရက ငြင်းဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှု ဖြစ်ချိန်ဟာ ဒူမာမြို့ကို ထိန်းချုပ်ထားတဲ့ သူပုန်တွေထဲက တချို့က လက်နက်ချဖို့ သဘောတူပြီး ထွက်ခွာနေကြတဲ့ အချိန် ဖြစ်ပြီး အခု အချိန်မှာတော့ ဒီမြို့ကို ဆီးရီးယားနဲ့ ရုရှားအာဏာပိုင်တွေက ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အဲဒီတိုက်ခိုက်မှု ဖြစ်ချိန်ဟာ ဒူမာမြို့ကို ထိန်းချုပ်ထားတဲ့ သူပုန်တွေထဲက တချို့က လက်နက်ချဖို့ သဘောတူပြီး ထွက်ခွာနေကြတဲ့ အချိန် ဖြစ်

ဓာတုလက်နက်ဒဏ် ခံရသူတွေဆီက နမူနာတွေနဲ့ ကနဦး လက္ခဏာတွေ အရ ကလိုရင်းနဲ့ ဆယ်ရင် ဓါတ်ငွေ့ နဲ့ အတိုက်ခံရကြောင်း ပြနေတယ်လို့ ဧပြီလ ၁၂ ရက်နေ့မှာ အမေရိကန် အစိုးရ အရာရှိတဦးက NBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားကို ဒုံးကျည်တွေနဲ့ လေကြောင်း တိုက်ခိုက်လာရင် အဲဒီ ဒုံးကျည်တွေကို ပစ်ချမှာ ဖြစ်ကြောင်း ရုရှားဘက်က ပြောဆိုမှု တွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ပြောဆိုမှု အပေါ် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က နောက်ဆုံးပေါ် ဒုံးကျည်တွေနဲ့ ပစ်မှာ ဖြစ်တဲ့အတွက် ရုရှားက အသင့်ပြင်ထားဖို့ တွစ်တာမှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ လက်နက် ပြိုင်ဆိုင်မှု ရပ်သင့်ကြောင်း ပြောပြီး လေသံ လျှော့ခဲ့သလို ဘယ်အချိန် ဆီးရီးယားကို ပစ်မယ်ဆိုတာ မပြောခဲ့ဘူးလို့လည်း ဧပြီလ ၁၂ ရက်နေ့က ထပ်မံ ပြောဆိုခဲ့ပြန်ပါတယ်။

လောလောဆယ်မှာတော့ အဲဒီ ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရက လုပ်တာ ဖြစ်နိုင်ချေ များကြောင်း UK နိုင်ငံ အစိုးရဝန်ကြီးတွေက သဘောတူထားပြီး အမေရိကန်နဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ဖို့ ပြောဆိုထားသလို ဓာတုလက်နက် သုံးတာကို အပြစ်မပေးပဲ ထားလို့ မရဘူးလို့လည်း ၂ နိုင်ငံ သဘောတူထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယားကို တုံ့ပြန်သွားဖို့ အနောက်နိုင်ငံတွေ ပြင်ဆင်