ဆီးရီးယားကို မဟာမိတ်တွေရဲ့ တိုက်ခိုက်မှု ကျူးကျော်တာလို့ ရုရှားပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူဖို့လည်း တိုက်တွန်း

ဆီးရီးယားကို အမေရိကန်၊ ဗြိတိန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ တိုက်ခိုက်မှုဟာ ကျူးကျော်တာလို့ ရုရှား သမ္မတ ပူတင်က ပြောဆိုလိုက်ပြီး ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ဒါအပြင် ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးက ဆီးရီးယားက Damascusမြို့ကို ပစ်ခတ်တဲ့ ဒုံး ၁၂ ခုလုံးကို ဆီးရီးယား တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပေမယ့် အထောက်အထားတော့ ပြသခဲ့ခြင်း မရှိပါဘူး။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီး Gavin Williamson ကတော့ ဆီးရီးယားကို ဗြိတိန်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုက အောင်မြင်သလို ပါဝင်တိုက်ခိုက်တဲ့ လေယာဉ်မှူး ၄ ဦးလုံး ဗြိတိန်ကို လုံလုံခြုံခြုံ ပြန်ရောက်လာတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ဆီးရီးယားကို ဗြိတိန်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုက အောင်မြင်သလို ပါဝင်တိုက်ခိုက်တဲ့ လေယာဉ်မှူး ၄ ဦးလုံး ဗြိတိန်ကို လုံလုံခြုံခြုံ ပြန်ရောက်လာ

ဆီးရီးယားကလည်း ဒီတိုက်ခိုက်မှုကို တရားမဝင်တဲ့ တိုက်ခိုက်မှု တခုလို့ တုံ့ပြန်ုလိုက်ပြီး မြို့တော် Damascusမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

Homsမြို့အနီးမှာ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆီးရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒါအပြင် ဆီးရီးယား အာဆတ် အစိုးရကို ထောက်ခံတဲ့သူတွေကိုလည်း ဆီးရီးယား ရုပ်သံကနေ ပြသခဲ့ပါတယ်။

တူရကီနဲ့ အစ္စရေးကတော့ တိုက်ခိုက်မှုကို ကြိုဆိုလိုက်ပေမယ့် ဆီးရီးယားရဲ့ မဟာမိတ် အီရန် ကတော့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက အမေရိကန် ဗြိတိန်နဲ့ ပြင်သစ် ပူးပေါင်း တပ်ဖွဲ့တွေဟာ Damascusက Sarin အဆိပ်နဲ့ ဓာတု လက်နက်ထုတ်လုပ်တယ်လို့ ယူဆရတဲ့ သိပ္ပံ သုတေသန ဌာနတခုနဲ့ Homsမြို့ အနောက်ဘက်က အဆိပ်ဓာတ်ငွေ့နဲ့ ဓာတုလက်နက် သိုလှောင်တဲ့ နေရာတခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးပေါင်းပြီး ဆီးရီးယားကို တိုက်ခိုက်နေတဲ့ ပမာဏဟာ မနှစ်က အမေရိကန် တဦးတည်း ဆီးရီးယား လေတပ်စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ ပမာဏထက် နှစ်ဆကျော်တယ်လို့ အမေရိကန် စစ်ဌာနချုပ်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ