ကန်တပ်တွေ ဆီးရီးယားက မရုတ်သိမ်းဖို့ ပြင်သစ်ပြော

ဓာတ်ပုံ မူပိုင် MATTHEW DANIELS/U.S. NAVY VIA GETTY IMAGES
Image caption ဆီးရီးယားက နေရာ၃နေရာကို ပစ်ချခဲ့တဲ့ ဒုံးကျည်တွေ

ဆီးရီးယားက အမေရိကန် တပ်တွေ မရုပ်သိမ်းဖို့ အမေရိကန် သမ္မတ ထရမ့်ကို စည်းရုံး ခဲ့တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောပါတယ်။

အမေရိကန် တပ်သား နှစ်ထောင်ကို ဆီးရီးယားက ပြန်ရုပ်သိမ်းဖို့ သမ္မတ ထရမ့်က အခုလ အစောပိုင်းတုန်းက ပြောနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက ဆီးရီးယားကို အနောက်နိုင်ငံတွေရဲ့ လေကြောင်းက တိုက်ခိုက်မှုမတိုင်ခင်ဒီကိစ္စမစ္စတာ ထရမ့်နဲ့ ဆွေးနွေးခဲ့တာလို့ ပြင်သစ် သတင်းထောက်တွေကို မစ္စတာ မက်ခရွန်းက ပြောပါတယ်။

ဆီးရီးယား မှာ ပဋိပက္ခဆက်ဖြစ်နေသရွေ့ တပ်တွေ ရေရှည် ချထားဖို့ လိုတဲ့ အကြောင်း မစ္စတာ ထရမ့် လက်ခံ သဘောပေါက်အောင် ပြောပြနိုင်ခဲ့တယ်လို့ သမ္မတ မက်ခရွန်းက ဆိုပါတယ်။

အမေရိကန် ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ လေကြောင်းက တိုက်ခိုက်မှုဟာ တရားဥပဒေ နဲ့ အကျုံး၀င်တယ်လို့ လည်းမစ္စတာ မက်ခရွန်းက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

ဒါဟာ ဆီးရီးယားက ဓါတုလက်နက်နဲ့ တိုက်ခိုက်မှု သက်သက်ကိုသာ တုန့်ပြန်တာ ဖြစ်ပြီး ဆီးရီးယား အစိုးရကို စစ်ကြေညာတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

တချိန်တည်းမှာ အမေရိကန် အစိုးရဟာ ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်နဲ့ ဆက်စပ်မှု ရှိတဲ့ ရုရှား ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူမှု ထပ်လုပ်ဖို့ ပြင်နေပါတယ်။

ဓါတုလက်နက်သုံးတယ်လို့ ယူဆရတဲ့ ဆီးရီးယား အစိုးရနဲ့ ပတ်သက်လို့ အရေးယူမှု အသစ်တွေ ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး က ထုတ်ပြန်လာလိမ့်မယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီက ပြောပါတယ်။

ဆီးရီးယားမှာ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ ထပ်မဖြစ်စေဖို့၊ အိုင်အက်စ် အဖွဲ့ကို အနိုင်ယူလိုက်နိုင်ကြောင်း ပြသဖို့ နဲ့ ဒေသတွင်း အီရန်တို့လွှမ်းမိုးမှုကို ဖယ်ရှားစေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ မစ္စဟေလီက ဆိုပါတယ်။

ရုရှား သမ္မတ ပူတင်ကတော့ ဆီးရီးယားကို အနောက်နိုင်ငံတွေက လေကြောင်းက တိုက်ခိုက်မှု ထပ်လုပ်လာရင် နိုင်ငံတကာမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားစေလိမ့်မယ်လို့ ပြောပါတယ်။

အီရန် သမ္မတ ဟတ်ဆန် ရိုဟန်နီနဲ့ ဖုံးပြောရာမှာ ဆီးရီးယားကို တိုက်ခိုက်မှုဟာ နိုင်ငံရေး အရ အဖြေရှာမှုတွေကို ထိခိုက်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာတော့ သံသယဖြစ်ဖွယ် အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခံရတဲ့ ဒူမာမြို့ကို ဓါတုလက်နက် စစ်ဆေးရေး အရာရှိတွေသွားရောက်ဖို့ ရှိနေပါတယ်။