ဓာတုလက်နက်စုံစမ်းရေးအဖွဲ့ ဆီးရီးယားမှာ ဘာလုပ်နိုင်မလဲ

ဓာတ်ပုံ မူပိုင် EPA
Image caption ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ဝင်တွေ The Hague မှာ အရေးပေါ်ဆွေးနွေးခဲ့

ဆီးရီးယားနိုင်ငံ ဒူးမာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးမယ့် ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW ရဲ့ အရေးပေါ် အစည်းအဝေးကို ဧပြီလ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

OPCW အဖွဲ့က ဓာတု လက်နက် ရေးရာ ကျွမ်းကျင်သူ တွေကလည်း ဒီဖြစ်ရပ်ကို စစ်ဆေးဖို့ ဆီးရီးယားကို ရောက်နေပြီး အခင်း ဖြစ်ပွားခဲ့တဲ့ ဒူးမာမြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။

ဆီးရီးယားအစိုးရနဲ့ အတူ OPCW အဖွဲ့က လက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ပြီး အစိုးရက သူတို့ဆီမှာ ရှိတဲ့ ဓာတုလက်နက်နဲ့ ပတ်သက်တာတွေကို တင်ပြ ရမှာ ဖြစ်ပါတယ်။

OPCW အဖွဲ့ ဒူးမာကို သွားခွင့်ရတဲ့ အတွက် ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်မှာ ဘာဓာတု လက်နက်ကို သုံးသွားသလဲ၊ ကလိုရင်းနဲ့ ဆာရင် ဓာတု ဓာတ်ငွေ့တွေကို သုံးသလား၊ ဆိုတာတွေ စစ်ဆေးလို့ ရမှာဖြစ်လို့ အထောက်အထားတွေ ရနိုင်တယ်လို့ ဓာတုလက်နက် ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမယ့် ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ သံသယရှိတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ သီတင်းတပတ်ကျော် ကြာခဲ့ပါပြီ။

ဒါကြောင့် ဒီနေရာတွေကို ဆီးရီးယားအစိုးရက ကြိုတင် ရှင်းလင်းပြီးလောက်မှသာ စစ်ဆေးမယ့် OPCW အဖွဲ့က သွားရောက်ရမှာ ဖြစ်တာကြောင့် အထောက် အထားတွေ ရမရ အပေါ်လည်း သံသယရှိနေကြပါတယ်။

လိဒ်တက္ကသိုလ်က ဓာတုနဲ့ ဇီဝလက်နက်ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Alastair Hay ကတော့ ဒီလို ရှင်းလင်းပြီးဖြစ်ပေမယ့် အထောက်အထား တွေ တွေ့နိုင် ပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ ရှင်းလင်း ထားမယ် ဆိုရင်တောင် အဲဒီနေရာမှာ OPCW အဖွဲ့က တခုခု တော့ ရှာတွေ့နိုင်မယ်၊ ဒီလိုနေရာမှာ အစွန်း ချွတ်ဆေးတမျိုးကို အများကြီး သုံးပြီး လက်စဖျောက် ထားလို့ ရပေမယ့် ကျွမ်းကျင်တဲ့ သူတွေက ဆီးရီးယားမှာ ဒီလို ကိစ္စတွေကို စုံစမ်းခဲ့ပြီးဖြစ်လို့ သူတို့ ဘာရှာနေသလဲ ဆိုတာ သူတို့သိပါတယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ပေါက်ကွဲတဲ့ နေရာမှာ ဓာတုလက်နက်တွေက နေရာ အတော်များများကို လွင့်စင်တာမို့ အစအနတွေက အနားမှာ ရှိတဲ့ နံရံတွေ၊ လူတွေရဲ့ အသုံးအဆောင် တွေမှာလည်း ကပ်နေနိုင်သလို ဓာတု လက်နက်နဲ့ တိုက်ခိုက်ခံရသူတွေကိုလည်း စစ်ဆေး နိုင်တယ်လို့ သူက ပြောပါတယ်။

၂၀၁၇ ခုနှစ် ကလည်း သူပုန်တွေထိန်းချုပ်ထားတဲ့ Khan Sheikhoun မြို့ကို ဆာရင် နဲ့ တိုက်ခိုက်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ ပါတယ်။

အဲဒီဖြစ်ရပ်ကို ကုလသမဂ္ဂနဲ့ OPCWတို့ ပူးပေါင်း စုံစမ်း စစ်ဆေးခဲ့ရာမှာ အဲဒီတိုက်ခိုက်မှုက ဆီးရီးယားအစိုးရမှာ တာဝန်ရှိတယ်လို့ ဖော်ထုတ် သိရှိခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်ထဲ မှာပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရသလဲ ဆိုတာကို စုံစမ်း ဖော်ထုတ်နိုင်တဲ့ OPCW ရဲ့ လုပ်ပိုင်ခွင့်ကို ရုရှားက ဗီတို အာဏာသုံးပြီး ပယ်ဖျက်ခဲ့ပါတယ်။

ဒါကြောင့် ဒီတခေါက် OPCWရဲ့ ခရီးစဉ်ဟာ ဒီတိုက်မှုဟာ ဓာတုလက်နက်နဲ့ ဘယ်သူ တိုက်ခိုက်တယ်ဆိုတာကို စုံစမ်း ဖော်ထုတ်ဖို့ အထိတော့ လုပ်ပိုင်ခွင့် မရှိဘဲ ဘာတွေ၊ ဘယ်မှာ ဖြစ်ခဲ့တယ်၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူတို့ ဘာတွေ တွေ့ရှိတယ် ဆိုတာကိုသာ ပြောနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ