ဒူးမားကို OPCW စစ်ဆေးရေးသမားတွေ ရောက်နေပြီ

Image caption စစ်ဒဏ် ဆိုးဆိုးရွားရွား ခံထားရတဲ့ ဒူးမား

ဆီးရီးယားနိုင်ငံထဲ၊ ဓာတုလက်နက်သုံး တိုက်ခိုက်မှုတွေ ရှိခဲ့တယ် ဆိုပြီး အနောက်အုပ်စု နိုင်ငံတွေက သံသယ ဖြစ်နေကြတဲ့ ဒူးမားမြို့ကို ဓာတုလက်နက် တားမြစ်ရေး OPCW အဖွဲ့က နိုင်ငံတကာ စစ်ဆေးရေးသမားတွေ ရောက်ရှိနေပြီလို့ ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာ သွားပါတယ်။

အဲဒီ စစ်ဆေးရေး သမားတွေဟာ ဒမတ်စကတ် မြို့တော်ကို ပြီးခဲ့တဲ့ စနေနေ့ ဧပြီ ၁၄ ရက်နေ့ကတည်းက ရောက်နေ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒူးမားမြို့ကို ဝင်ခွင့်ရဖို့ ကြန့်ကြာ နေခဲ့တဲ့ အတွက်၊ ဒူးမားမြို့မှာ ရှိနေတဲ့ သဲလွန်စတွေကို ဆီးရီးယား အစိုးရက ဖျောက်ဖျက်ဖို့ ကြိုးစား နေတာလား ဆိုပြီး အနောက်အုပ်စု နိုင်ငံတွေက သံသယ ကြီးကြီး ထားခဲ့ကြပါတယ်။

Image caption အဆိပ်ငွေ့တွေ စင်ဖို့ ရေတွေနဲ့လောင်း

OPCW အနေနဲ့ အခု ခရီးစဉ်မှာ ဖော်ထုတ်ရမယ့် တာဝန်ကတော့ ဒူးမားမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု တကယ် ဖြစ်ခဲ့သလား၊ တကယ် ဖြစ်ခဲ့တယ်လို့ တွေ့ရှိရင်လည်း ကလိုရင်း ဓာတ်ငွေ့လား ဆာရင်းလား အစ ရှိသဖြင့် ဘယ်လို အမျိုးအစားမျိုးလည်း ဆိုတာ ဖော်ထုတ်ပေး ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း၊ တိုက်ခိုက်မှုကို ဘယ်သူဘယ်ဝါက ပြုလုပ်ခဲ့တာ ဆိုပြီး ပြောဆိုနိုင်တဲ့ အခွင့် အာဏာမျိုးတော့ OPCW အနေနဲ့ အခုတခေါက်မှာ မရှိပါဘူး။

ဒူးမားမြို့မှာ ဆီးရီးယား အစိုးရက ဓာတု လက်နက်သုံး တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ယူဆချက်နဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတို့ စုပေါင်းပြီး လက်တုံ့ပြန် တိုက်ခိုက် တာတွေ ပြုလုပ် ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ ဘက်ကတော့ သူတို့ အနေနဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်တာမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆိုနေပြီး၊ သမ္မတ အာဆတ်ရဲ့ မဟာမိတ် ရုရှားကလည်း ဆီးရီးယား အစိုးရကို ထောက်ခံမှု ပေးနေပါတယ်။

ဒါတင်မက၊ ဒူးမားမြို့မှာ ဓာတုလက်နက်သုံး တိုက်ခိုက်မှု ဖြစ်ခဲ့တယ် ဆိုတာ လုပ်ကြံဖန်တီး ထားတဲ့ သတင်းလိမ်တွေ ဖြစ်တယ် ဆိုတဲ့ အထိ ဆီးရီးယားနဲ့ ရုရှား တို့က တန်ပြန် စွပ်စွဲ ပြောဆို နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လိပ်ကန်သစ် မဟာမိတ်တွေ ဆီးရီးယားကိုတိုက်

ဒါပေမယ့်လည်း အသက်ရှူကြပ် စေတဲ့ ဓာတ်ငွေ့တွေရဲ့ ဒဏ် သူတို့ ဘယ်လို ဘယ်ပုံ ခံစား ခဲ့ရကြောင်း ၊ ဒူးမားမြို့က မြို့ခံတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို အနောက်တိုင်း စာနယ်ဇင်း သမား တချို့ကို ပြန်ပြောင်း ပြောဆို ခဲ့ပါတယ်။

အိမ်ကို လာမှန်တဲ့ ဒုံးကျည် ကနေ အဆိပ်ငွေ့တွေ ထွက်လာတာ ဆိုပြီး၊ မြို့ခံ တစ်ယောက်က အမေရိကန် CBS သတင်းထောက်ကို အခင်းဖြစ်ခဲ့ရာ အိမ်မှာပဲ အပျက်အစီးတွေကို ပြသရင်းသား ပြောဆို ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ