ကက်စထရိုမျိုးဆက် အုပ်ချုပ်မှု အဆုံးသတ်

ဓာတ်ပုံ မူပိုင် Getty Images

ကျူးဘားနိုင်ငံမှာ တိုင်းပြည် အာဏာကို ဆယ်စုနှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ ကက်စထရို မျိုးဆက်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားပြီး၊ သမ္မတ အပြောင်းအလဲ ဖြစ်လာတော့မှာပါ။

လက်ရှိ သမ္မတ ရာအူးလ် ကက်စ်ထရိုရဲ့ နေရာကို ဆက်ခံဖို့ သူ့ရဲ့ ညာလက်ရုံး ဖြစ်တဲ့ မီဂဲလ် ဒီရပ်စ်-ကနဲလ်ကို ကျူးဘား အမျိုးသား လွှတ်တော် က ပြိုင်ဘက်မရှိ အဆိုပြု လျာထား လိုက်ပါတယ်။

လွှတ်တော်တွင်း မဲခွဲ ခဲ့ကြပြီ ဖြစ်ပေမယ့် ရလဒ်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိ သေးပါဘူး။

ဒီကနေ့မှာမှ ရလာဒ်ကို ကြေညာပြီး၊ မစ္စတာ ဒီရပ်စ်-ကနဲလ်ကို သမ္မတရာထူး တရားဝင် လွှဲပြောင်း ပေးလာမယ်လို့ မျှော်လင့် ရပါတယ်။

လက်ရှိ သမ္မတ ရာအူးလ် ကက်စ်ထရိုဟာ နာမကျန်း ဖြစ်နေတဲ့ အစ်ကို ဖြစ်သူ ဖီဒယ် ထံကနေ ၂ဝဝ၆ ခုနှစ်က သမ္မတ နေရာကို လွှဲပြောင်း ရယူ ထားတာ ဖြစ်ပါတယ်။

အခုလို သမ္မတ နေရာကို လူယုံ ဒုသမ္မတ မစ္စတာ ဒီရပ်စ်-ကနဲလ်ထံ လွှဲပေးပေမယ့်၊ ကျူးဘား ကွန်မြူနစ်ပါတီရဲ့ နောက်တစ်ကြိမ် ကွန်ဂရက်စ် အစည်းအဝေး ပြုလုပ်မယ့် ၂ဝ၂၁ ခုနှစ် အထိတော့ ရာအူးလ်ဟာ ပါတီရဲ့ ခေါင်းဆောင် နေရာမှာ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ မီဂဲလ် ဒီရပ်စ်-ကနဲလ်ဟာ အသက် ၅၇ နှစ် အရွယ် ဖြစ်ပြီး၊ရာအူးလ်က သူ့ကို သမ္မတ နေရာကို လွှဲပေးဖို့ ကျန်ခဲ့တဲ့ ၅ နှစ်လုံးလုံး အသေအချာ ပြင်ဆင် နေခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရာအူးလ် ပါတီကို ချုပ်ကိုင်ထားသ၍တော့ မီဂဲလ် အနေနဲ့ အပြောင်းအလဲ ကြီးကြီးမား လုပ်ဆောင် နိုင်ဦးမှာ မဟုတ်ဘူးလို့လည်း ယူဆချက်တွေ ရှိနေပါတယ်။

သမ္မတသစ် အနေနဲ့ အဓိက တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကတော့ ကျူးဘားရဲ့ မဟာမိတ် ဗင်နီဇွဲလားမှာ စီးပွားပျက်ကပ် ဆိုက်နေလို့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့နဲ့၊ ထရမ့်လက်ထက် အမေရိကန်နဲ့ကြား ဆက်ဆံရေးကို ဘယ်လိုဘယ်ပုံ တည်ဆောက်မလဲ ဆိုတာတွေ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ