ကျူးဘားတော်လှန်ရေး အပေါ် သစ္စာခံသူ မျိုးဆက်သစ် သမ္မတသစ်

Image caption ရာအူးလ် ကက်စထရို အပေါ် အလုံးစုံ သစ္စာခံသူ

ကျူးဘား နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ကက်စထရို မျိုးဆက် မဟုတ်သူ တစ်ယောက် ပထမဆုံး အကြိမ် သမ္မတ ဖြစ်လာပါပြီ။

မီဂဲလ် ဒီရပ်စ်-ကနဲလ် ဟာ ကျူးဘားနိုင်ငံရဲ့ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီ ဖြစ်ပါတယ်။

ရာအူးလ်ကစ်ထရိုရဲ့ သမ္မတ နေရာကို သူ့ရဲ့ ဒုသမ္မတ ဖြစ်သူ မစ္စတာ ဒီရပ်စ်-ကနဲလ်က အစားထိုး ရယူလာတာ ဖြစ်ပြီး ဒါဟာ ၁၉၅၉ ကျူးဘားတော်လှန်ရေး အောင်မြင်ပြီး ကတည်းက ကျူးဘား အစိုးရရဲ့ ခေါင်းဆောင် နေရာမှာ ကက်စထရို မျိုးဆက် ပထမဆုံး အကြိမ် မရှိတော့တာ ဖြစ်ပါတယ်။

တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ဖီဒယ် ကျန်းမာရေး ချို့ယွင်း လာတဲ့ အခါ ၂ဝဝ၆ ခုနှစ်မှာတုန်းကတော့ ညီဖြစ်သူ ရာအူးလ်ကို သမ္မတ တာဝန်နဲ့ ပါတီ အကြီးအကဲ နေရာကို လွှဲပေးခဲ့ပါတယ်။

Image caption တော်လှန်ရေးနောက်ပိုင်းမှ မွေးဖွားတဲ့ မျိုးဆက်သစ်

အခုတော့ ကျူးဘားတော်လှန်ရေး အောင်မြင်ပြီးချိန် နောက်ပိုင်းကျမှပဲ မွေးဖွားလာတဲ့ မီဂဲလ် လက်ထဲ သမ္မတ အာဏာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ရာအူးလ် ကက်စထရို အပေါ် အလုံးစုံ သစ္စာခံသူ တစ်ယောက် ဖြစ်တာကြောင့် ကျူးဘားရဲ့ နိုင်ငံရေး ထူးထူးကဲကဲကြီး ပြောင်းသွားတယ်လို့တော့ မပြောနိုင်ပါဘူး။

မီဂဲလ် ဒီရပ်စ်-ကနဲလ် သမ္မတသစ်အဖြစ် စပြောတဲ့ မိန့်ခွန်းထဲမှာကို ကျူးဘားမှာ အရင်းရှင် စံနစ် အသက်သွင်းလိုသူတွေ အတွက် နေရာမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောဆို သွားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကျူးဘားက အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု

သမ္မတ နေရာကို လက်လွှတ်လိုက်ပေမယ့် ကျူးဘား ကွန်မြူနစ်ပါတီရဲ့ နောက်တစ်ကြိမ် ကွန်ဂရက်စ် အစည်းအဝေး မတိုင်ခင် ၄ နှစ်ဝန်းကျင် ပါတီ အကြီးအကဲ အဖြစ် ဆက်ရှိ နေဦးမယ့် ရာအူးလ် ကက်စထရို ကလည်း "ကျူးဘားရဲ့ လူမှုစနစ်၊ နိုင်ငံရေး စနစ်ထဲက ဆိုရှယ်လစ်ဝါဒရဲ့ ဝိသေသ လက္ခဏာတွေကို ပြောင်းလဲဖို့ ရည်ရွယ်တာ မဟုတ်ဘူးဆိုတာ ရှင်းအောင် ပြောချင်တယ်" ဆိုပြီး ပြောသွားပါတယ်။

ဖွဲ့စည်းပုံပါ ပုဒ်မ ၅ အတိုင်းပဲ ကွန်မြူနစ်ပါတီဟာ ကျူးဘား လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်ပါတီ အဖြစ် ဆက်လက် တည်မြဲနေမှာ ဖြစ်တယ်လို့လည်း ရာအူးလ် ကက်စထရိုက ဆိုပါတယ်။

Image caption ဆိုရှယ်လစ်ဝါဒ ပြောင်းလဲဖို့ ရည်ရွယ်တာ မဟုတ်

မီဂဲလ် ဒီရပ်စ်-ကနဲလ်ကို ကျူးဘား အမျိုးသားလွှတ်တော် အဖွဲ့ဝင် ၆ဝ၅ ဦး စလုံးက ကန့်ကွက်သူ မရှိ တခဲနက် ထောက်ခံ ခဲ့တာ ဖြစ်ပါတယ်။

ရာအူးလ်ဟာ ဖီဒယ်ဆီက အာဏာကို ဆက်ခံပြီး ဖြေးဖြေးခြင်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့သလိုပဲ မီဂဲလ် လက်ထက်မှာလည်း ပြုပြင် ပြောင်းလဲရေးတွေ ဖော်ဆောင်မယ်ဆို ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ တွေ့ဖို့ မျှော်လင့် ရတယ်လို့ ဘီဘီစီရဲ့ ကျူးဘားဆိုင်ရာ သတင်းထောက် ဝီလ်ဂရန့်က သုံးသပ် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ