နျူနဲ့ ဒုံးစမ်းသပ်မှု မလိုတော့ဘူးလို့ ကင်ဂျုံအွန်း ပြော

ဓာတ်ပုံ မူပိုင် AFP

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုကို ချက်ခြင်း ရပ်ဆိုင်းထားလိုက်ပြီး နျူကလီးယား စမ်းသပ် ထုတ်လုပ်တဲ့နေရာကို ပိတ်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဧပြီလ ၂၀ ရက်နေ့က လုပ်ခဲ့တဲ့ ပါတီ ဗဟိုကော်မီတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်မှုတွေကို ဧပြီလ ၂၁ ရက်နေ့ကစလို့ ရပ်ဆိုင်း တော့မယ်၊ နျူကလီးယား စမ်းသပ်မှုတွေ ရပ်ဆိုင်းတော့မယ်ဆိုတာ ပွင့်လင်းမြင်သာစွာ အာမခံချက်ပေးတဲ့ အနေနဲ့ နိုင်ငံမြောက်ပိုင်းက နျူကလီးယား စမ်းသပ်ထုတ်လုပ်တဲ့ နေရာကို ဖျက်သိမ်းမယ်လို့ ကြေညာပါတယ်။

အခုလို ဆုံးဖြတ်ရတာဟာ စီးပွားရေးတိုးတက်လာစေဖို့ ရည်ရွယ်တာကြောင့်လို့ ပြောခဲ့သလို တကမ္ဘာလုံး နျူကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်သွားဖို့လို့ လည်း ဖော်ပြခဲ့ပါတယ်။

နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး ရည်မှန်းချက် အောင်မြင်ခဲ့ပြီ ဖြစ်လို့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဖို့ မလိုတော့ဘူးလို့ ခေါင်းဆောင်ကြီး ကင်ဂျုံအွန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ကြေညာချက်အပေါ် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအတော်များများက ကြိုဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒီကိစ္စအပေါ် ကြိုဆိုတဲ့ စကား ပြောကြားခဲ့ပေမယ့် ဂျပန်နဲ့ ဩစတြေးလျတို့ကတော့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေ လျှော့ချဖို့ ရုရှားဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒီကြေညာချက်ဟာ စီစဉ်ထားတဲ့ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ထိပ်သီး ဆွေးနွေးပွဲတွေ မလုပ်ခင် မထင်မှတ်ပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုံးက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့တာကြောင့် မြောက်ကိုရီး ယားနိုင်ငံအပေါ် နိုင်ငံတကာက တင်းကြပ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားခဲ့ ပါတယ်။

ဒါပေမယ့် နျူကလီးယားလက်နက်နဲ့ ဒုံးကျည်ထုတ်လုပ်မှုတွေ ပြီးမြောက်အောင်မြင် ခဲ့ပြီလို့ ကင်ဂျုံအွန်ပြောခဲ့ဟာ ချဲ့ကားပြောတာလား တကယ်လား အတည်ပြုဖို့ ခက်တယ်လို့ Federation of American Scientists အဖွဲ့က မြောက်ကိုရီးယား အရေးသုံးသပ်သူ အန်းကစ်ပန်ဒါက ပြောပါတယ်။

အခုလို ဆုံးဖြတ်ခဲ့တာဟာ တောင်နဲ့မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနဲ့ မြောက်ကိုရီးယား အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေ မတိုင်ခင်ဆိုတော့ အဲဒီကနေ ရနိုင်တဲ့ အကျိုးအမြတ်တွေကို ကြည့်ပြီး မစ္စတာ ကင်ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် KCNA

အထူးသဖြင့်တော့ အမေရိကန် သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲဟာ တကယ့် အကျိုးအမြတ် ဖြစ်သလို ကင်ဂျုံအွန်းအနေနဲ့ သူ့အဖေနဲ့ အဖိုး မလုပ်နိုင်ခဲ့တာကို လုပ်နိုင်ခဲ့တာလို့လည်း အန်းကစ်ပန်ဒါက သုံးသပ်ပါတယ်။

ဒါပေမယ့် နျူကလီးယား စမ်းသပ်ထုတ်လုပ်တဲ့ နေရာကို ဖျက်သိမ်းမယ်လို့သာ ပြောခဲ့ပြီး လက်ရှိရှိနေတဲ့ နျူကလီးယား လက်နက်တွေကို ဖျက်ဆီးပစ်ဖို့ စီစဉ်နေ တယ်ဆိုတာမျိုးကိုတော့ ရည်ညွှန်းပြောကြားတာ မရှိခဲ့ပါဘူး။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ၂၀၁၈ နှစ်သစ်ကူး မိန့်ခွန်း မှာကတည်းက နျူးကလီးယားလက်နက်နဲ့ ဒုံးကျည်ထုတ်လုပ်မှုတွေ ပြီးမြောက် အောင်မြင်ခဲ့ပြီလို့ ပြောထားခဲ့တာဖြစ်ပါတယ်။