ဒုံးလက်နက် ပညာရှင်ကို လုပ်ကြံမှု အစ္စရေး စွပ်စွဲခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဟာမက်စ်ကတော့ အာဇာနည်တဦးလို့ သေဆုံးတဲ့ မစ္စတာ Batsh ကို ခေါ်ဝေါ်

မလေးရှားနိုင်ငံမှာ ပါလက်စတိုင်း ဒုံးလက်နက် ပညာရှင်တဦး ဧပြီလ ၂၁ ရက်နေ့က လုပ်ကြံခံ ခဲ့ရရာမှာ အစ္စရေး ထောက်လှမ်းရေး မော့ဆက်နဲ့ မပတ်သက်ဘူးလို့ အစ္စရေးက ငြင်းဆိုလိုက်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က လမ်းတခုပေါ်မှာ ဆိုင်ကယ်စီး လာတဲ့ လူ ၂ ဦးက အသက် ၃၅ နှစ် ပါလက်စတိုင်း ဒုံးပညာရှင် Fadi al-Batshကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ ပညာရှင် မစ္စတာ Batshဟာ ဒုံးလက်နက်တွေ ထုတ်လုပ်ဖို့နဲ့ ပစ်မှတ်တွေကို တိကျအောင် ပစ်ခတ်နိုင်အောင် လုပ်ဆောင်ရာမှာ ပါဝင်တဲ့သူ တဦးဆိုတာ ဟားမက်စ်ရဲ့ အကြီး အကဲတွေ ထုတ်ပြန် ပြောဆိုတာကို ကြားခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Avigdor Liebermanကို ကိုကားပြီး Haaretz သတင်းက ရေးပါတယ်။

သေဆုံးသွားတဲ့ မစ္စတာ Batshရဲ့ မိသားစုကတော့ အစ္စရေး ထောက်လှမ်းရေး မော့ဆက်ကနေ လုပ်ကြံခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေး ကာကွယ်ရေး ဝန်ကြီး Avigdor Liebermanကတော့ ဒီစွပ်စွဲချက်ကို ငြင်းပယ် လိုက်ပြီး ဒါဟာ ပါလက်စတိုင်းမှာ အချင်းချင်း အငြင်းပွားပြီး အသတ်ခံရတာလို့ ပြောပါတယ်။

အရင်က နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ ပါလက်စတိုင်း ပညာရှင်တွေကို အစ္စရေးက လုပ်ကြံတယ်ဆိုပြီး ပါလက်စတိုင်း စစ်သွေးကြွ ဟားမက်စ်အဖွဲ့က စွပ်စွဲခဲ့ဖူးပါတယ်။

၁၉၉၇ ခုနှစ်တုန်းက မော့ဆက်ကိုယ်စားလှယ်တွေ ဟားမက်စ်ခေါင်းဆောင်တဦးကို ဂျော်ဒန်မှာ လုပ်ကြံဖို့ ကြိုးစားပေမယ့် မအောင်မြင် ဖြစ်ခဲ့သလို ၂၀၁၀ ခုနှစ်တုန်းက ဒူဘိုင်း ဟိုတယ်တခုမှာ ဟားမက်စ်ထိပ်တန်း စစ်ခေါင်းဆောင် Mahmud al-Mabhuh သတ်ဖြတ်ခံရတာရဲ့ နောက်ကွယ်မှာ မော့ဆက်လက်ချက်လို့ အများက ယူဆမှုတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MOSSAD
Image caption ၁၉၉၇ ခုနှစ်တုန်းက မော့ဆက်ကိုယ်စားလှယ်တွေ ဟာမက်စ်ခေါင်းဆောင်တဦးကို ဂျော်ဒန်မှာ လုပ်ကြံဖို့ ကြိုးစားပေမယ့် မအောင်မြင် ဖြစ်ခဲ့ (ဓာတ်ပုံ - မော့ဆက်က အမျိုးသမီးထောက်လှမ်းရေး ခေါ်နေတဲ့ အလုပ်ကြော်ငြာ)

ဒီပါဝင်ပတ်သက်မှုကို အစ္စရေးက အတည်မပြုသလို ငြင်းဆန်ထားတာလည်း မရှိဘူး။

ဒါကြောင့်လည်း ဒီဖြစ်ရပ်အပေါ် အစ္စရေးရဲ့ လက်ချက်လို့ စွပ်စွဲချက်တွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီလုပ်ကြံခံရတာကိုတော့ ဟားမက်စ်က အစ္စရေး တပ်ဖွဲ့တွေ ကိုတော့ ပြစ်တင်ခဲ့ခြင်း မရှိပါဘူး။ ဟာမက်စ်ကတော့ အဖွဲ့ဝင်တဦး အသတ်ခံရတယ်လို့ ကြေညာပြီး အာဇာနည်တဦးလို့ သေဆုံးတဲ့ မစ္စတာ Batshကို ခေါ်ဝေါ်ခဲ့ပါတယ်။

သေဆုံးတဲ့ မစ္စတာ Batshဟာ မလေးရှားမှာ နေထိုင်နေတာ ၁၀ နှစ်နီးပါး ရှိနေသလို လျှပ်စစ် အင်ဂျင်နီယာနဲ့ ဆိုင်တဲ့ ဘာသာရပ်ကို ပို့ချနေသူ တဦးလည်း ဖြစ်ပါတယ်။

မလေးရှား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးရေးမှူး မိုဟာမက် ဖူဖီဟာရမ်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေး နေပြီး အလောင်းကို ခွဲစိတ်စစ်ဆေးနေသလို အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

'အခုတော့ အသေးစိတ်ကို စုံစမ်းမှုတွေ လုပ်နေပါတယ်။ သူသေနတ်နဲ့ ပစ်ခံရပြီး သေသွား တာလားလို့ မေးရင်တော့ ဟုတ်တယ်လို့ ဖြေရမှာပါ။ အလောင်းကို ရင်ခွဲစစ်ဆေးနေပါတယ်။ နောက်ပိုင်းမှာတော့ အသေးစိတ်ကို ထုတ်ပြန် ပေးမှာပါ' လို့ မိုဟာမက် ဖူဖီဟာရမ်က ပြောခဲ့ပါတယ်။

ဒီနောက်ကွယ်မှာ ဘာတွေ ရှိနေသလဲဆိုတာကို မသိရသေးသလို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တဦးတယောက်မှာ ဖမ်းဆီးထားတာ မရှိဘူးလို့လည်း မစ္စတာ ဟာရမ်က ပြောပါတယ်။

မလေးရှား လက်ထောက် ဝန်ကြီးချုပ် Ahmad Zahid Hamidiကတော့ ဒီလုပ်ကြံမှုဟာ နိုင်ငံခြားရပ်ခြားက ပါဝင် ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အစ္စရေးနဲ့ ပါလက်စတိုင်း တို့အကြား ၂ ပြည်ထောင်မူနဲ့ ငြိမ်းချမ်းရေး ရဖို့ မလွယ်