တိုရွန်တိုမှာ ဗင်ကားနဲ့ ၀င်တိုက်မှု ဖြစ်ပွား

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပလက်ဖောင်းက လူတွေကြား ၀င်တိုက်ခဲ့တဲ့ ဗင်ကား

ကနေဒါနိုင်ငံ တိုရွန်တို မြို့ လူစည်ကားရာ ရမ်းဂ် လမ်းနဲ့ ဖင့်ချ် အယ်ဗင်းနယူး လမ်းထောင့် မှာ ဧပြီ ၂၃ ရက်နေ့လည် ဒေသစံတော်ချိန် ၁နာရီခွဲ က ဗင်ကား အဖြူရောင် တစီး ဟာ အရှိန်ပြင်းပြင်း နဲ့ မောင်းချလာပြီး လမ်းဘေး လမ်းလျှောက်နေတဲ့ သူတွေ ကို တမင်သက်သက် ဝင်တိုက်တဲ့ မှုခင်းတရပ် ဖြစ်ပွားခဲ့ပါတယ်။

လမ်းဘေးမှာ လျှောက်နေတဲ့ လူတွေ ကို ဆင့်ကဲဆင့်ကဲ ဝင်တိုက်သွားပုံများ ပုံလျက်လဲ သူရှိသလို ကားနဲ့ ချိတ်ပါသူလည်း တွေ့ရပြီး တချို့ က လွင့်သွားသလို လမ်းမပေါ်မှာလည်း သွေးတွေ မြင်မကောင်းကြောင်း သူ ကိုယ်တိုင်လည်း မယုံနိုင်တဲ့ မြင်ကွင်းကြောင့် တကိုယ်လုံး တုန်နေကာ သေမလောက်ကို ကြောက်ရွံ့သွားပါတယ် လို့ အခင်းဖြစ်ပွားရာ အနီး ရောက်နေသူတဦး က မယုံနိုင်လောက်တဲ့ ထိတ်လန့်ဖွယ် မြင်ကွင်း ကို ပြောပြခဲ့ပါတယ်။

ကားနဲ့ ဝင်တိုက်မှုကြောင့် လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရတယ် လို့ ရဲ က ပြောပြီး ကားသမား ကိုတော့ ဖမ်းဆီး စစ်ဆေး မေးမြန်းနေပြီလို့ ဆိုပါတယ်။

ဒီအချိန်မှာ အားလုံး တည်တည်ငြိမ်ငြိမ် ရှိဖို့လိုပြီး တာဝန်ရှိသူတွေ ဟာလည်း သူတို့ အပိုင်း ကို အမြန်ဆုံး ဆောင်ရွက်နေတာမို့ ကျေနပ် အားရ မိကြောင်း ၊ ကြေကွဲစရာ အခင်းဖြစ်ပွားမှု အတွင်း လူထုရဲ့ သွေးစည်း ညီညွတ်မှု ကိုလည်း တွေ့လိုက်ရပါတယ် လို့ တိုရွန်တို မြို့တော်ဝန် ဂျွန်တိုရီ ကပြောပါတယ်။

ဒီဖြစ်ရပ်ဟာ လူအများရှေ့မှောက်မှာ ဖြစ်ခဲ့တာမို့ ဒါနဲ့ ပတ်သက်လို့ အခိုင်အမာ ပြောနိုင်ရင် သူတို့ဆီ သတင်းပေးပါလို့ ရဲက တိုက်တွန်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ