Facebookရဲ့ ဒီနှစ် ပထမ ၃လ အမြတ်ငွေ တိုး

ဓာတ်ပုံ မူပိုင် Reuters

အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ အရှုပ်တော်ပုံ ဖြစ်ပွားခဲ့ ပေမယ့် Facebookရဲ့ နှစ်စဉ် လေးလပတ် ဝင်ငွေကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဒီနှစ်က ပထမ ၃ လအတွင်းမှာ ကုမ္ပဏီရဲ့ ဝင်ငွေက ဒေါ်လာ ၁၁.၉ ဘီလီယံ ရှိပြီး အရင်နှစ်က ဒေါ်လာ ၈ ဘီလီယံပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

အမြတ်အစွန်းကလည်း ဒေါ်လာ၄.၉ ဘီလီယံအထိ ရှိခဲ့တာကြောင့် အရင်နှစ်က ဒေါ်လာ ၃ ဘီလီယံနဲ့ ယှဉ်ရင်တော့ အတော်ကို မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ် မတ်လကုန်အထိ ကြေညာကနေ ရတဲ့ ဝင်ငွေကလည်း ၁၁. ၇ ဘီလီယံ အထိ ရှိခဲ့သလို အရင်နှစ်ကတော့ ဒေါ်လာ ၇.၈ ဘီလီယံပဲရှိတယ်လို့ ဆိုပါတယ်။

Facebookရဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ် ဇာကာဘတ်ကတော့ အရေးပါတဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၁၈ကိုတော့ ကောင်းကောင်းမွန်မွန် စနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါအပြင် ကုမ္ပဏီက ဖြစ်ပျက်သွားတဲ့ ကိစ္စတွေအတွက် တာဝန်ယူမှုကို ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။

Facebook အသုံးပြုသူ ၈၇ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အချက် အလက်တွေ သိုမှီးတဲ့ Cambridge Analytica ကုမ္ပဏီကို မျှဝေခဲ့တယ်လို့ Facebook ကုမ္ပဏီက ဝန်ခံခဲ့ပါတယ်။

မတ်လအပြီး နေ့စဉ် Facebook အသုံးပြုသူဟာ ၁.၄၅ ဘီလီယံရှိပြီး နှစ်စဉ် ၁၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။

ဒါအပြင် Facebookမှာ ဝန်ထမ်း အရေအတွက်ဟာလည်း ၄၈ ရာခိုင်နှုန်းတိုးနေပြီး စုစုပေါင်း ဝန်ထမ်း ၂၇၇၄၂ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ